သုံးရလွယ်ကူစေသည့် Link များ

Benghazi သံရုံးတိုက်ခိုက်မှု တာဝန်ယူလုပ်ဆောင်သူကို အမေရိကန်ဖမ်းမိ

  • ဗွီအိုအေ (မြန်မာဌာန)

လစ်ဗျားနိုင်ငံ Benghazi မြို့မှာ ၂၀၁၂ ခုနှစ်က အမေရိကန် ကောင်စစ်ဝန်ရုံးအပေါ် အဓိက တိုက်ခိုက်သူလို့ သံသယရှိသူကို ဖမ်းမိထားပြီလို့ အမေရိကန်က ပြောလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ်ကြီး Christopher Stevens နဲ့ အမေရိကန် ၃ ယောက် သေဆုံးခဲ့ပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့က Ahmed Abu Khatallah ကို Benghazi မြို့နားမှာ တနင်္ဂနွေနေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က အင်္ဂါနေ့က ပြောပါတယ်။ Khatallah ကို အမေရိကန် စစ်သင်္ဘောပေါ်မှာ စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။ သူ့ကို လူသတ်မှုတွေနဲ့ အရပ်ဖက် တရားရုံးမှာ စစ်ဆေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စုကို ခေါ်ဆောင်လာ မှာ ဖြစ်ပါတယ်။

Khatallah ကိုဖမ်းဆီးဖို့ လျှို့ဝှက်စစ်ဆင်ရေးလုပ်ခွင့် လတ်တလောမှာပဲ ပေးခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး Khatallah အနေနဲ့ အမေရိကန် တရားစီရင်ရေး စနစ်အရ ထိထိရောက်ရောက် အရေးယူခံရမှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

Benghazi မြို့က ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရချိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ Hillary Clinton က အဲဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အဖြေရှာနေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်ခံရမှုဟာ ရှုတ်ထွေးတဲ့အပြင် သူတို့အတွက် တကယ့်ကို အကြပ်အတည်းဖြစ်တဲ့ အချိန်ဖြစ်တယ်လို့ CNN ရုပ်သံကို ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူတွေလုပ်ခဲ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလဲဆိုတဲ့ အဖြေကို Khatallah ကို ဖမ်းမိတဲ့အတွက် သိနိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG