သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ ဘာလင်နဲရုပ်ရှင်ပွဲတော်


၇၄ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားမှာတွေ့ရတဲ့ ရုပ်ရှင်ပွဲတော်တာဝန်ရှိသူများ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
၇၄ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားမှာတွေ့ရတဲ့ ရုပ်ရှင်ပွဲတော်တာဝန်ရှိသူများ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာတော့ နိုင်ငံရေးနဲ့ အနုပညာရောယှက်နေတာ တွေ့ခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ ဖွင့်ပွဲ မိန့်ခွန်းမှာ ပွဲတော်ဖြစ်မြောက်ရေး ပူးတွဲညွှန်ကြားရေးမှူး Mariette Rissenbeek မယ်ရီယက် ရီဆန်ဘိခ်က ယူကရိန်းစစ်ပွဲ၊ အီရန်၊ ဆူဒန်နဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေ၊ ပဋိပက္ခတွေကို မီးမောင်းထိုး ပြောကြားပြီး ဂျာမနီနိုင်ငံမှာ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ လက်ယာအစွန်းရောက်တွေရဲ့ အန္တရာယ်တို့ကို သတိပေးသွားပါတယ်။

“ဘာလင်နဲပွဲတော်မှာ လူတွေနဲ့ အနုပညာကြား ပြောဆိုညှိနှိုင်းလို့ရတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမုန်းတွေအတွက် နေရာမရှိပါဘူး။ အမုန်းတရားက ရွှေပွဲလာတွေထဲ ထည့်ဖိတ်မထားပါဘူး” လို့ ဖွင့်ပွဲအခမ်းအနားမှာ ပရိသတ်တွေကို သူက ပြောသွားပါတယ်။

ဂျာမနီနိုင်ငံက နိုင်ငံရေးပါတီ ရွေးကောက်ခံအမတ်တွေနဲ့ အတူ လက်ယာအစွန်းရောက် Alternative for Germany (AfD) ပါတီက ၅ ဦးကိုလည်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားခဲ့တာပါ။ ဒါပေမဲ့ ဂျာမနီနိုင်ငံက လူနည်းစုတွေကို နိုင်ငံတွင်းက မောင်းထုတ်ဖို့ AFD ပါတီက လျှို့ဝှက်အစည်းအဝေး ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီး နိုင်ငံထဲမှာ တော်တော်ဆူဆူလောင်လောင်ဖြစ်သွားခဲ့ရလို့ ပွဲတော်မှာ ဖိတ်ကြားထားတာကို ပြန်ရုတ်ခဲ့ပါတယ်။

“ကျွန်မတို့က ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရား ဘယ်ပုံစံကိုမဆို အထူးကိုဆန့်ကျင်ပါတယ်။ ဂျူးမုန်းတီးရေး၊ မွတ်ဆလင်မုန်းတီးရေး အကုန်ပါပါတယ်။ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို AFD လက်ယာစွန်းပါတီက နိုင်ငံထဲက မောင်းထုတ်ဖို့ ရည်ရွယ်နေတာက ဘာလင်နဲပွဲတော်အဖွဲ့ရော မိတ်ဆွေ၊ အသိုက်အဝန်းတွေကိုရော ထိခိုက်စေပါတယ်။ ကျွန်မတို့ပွဲတော်က ဒါမျိုးလုံးဝလက်မခံပါဘူး”လို့ ဒါရိုက်တာ Rissenbeek က ပြောသွားပါတယ်။

၇၄ ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်ကို ကြာသပတေးနေ့မှာ စဖွင့်တော့ ဒါရိုက်တာ Tim Mielants တင်မ်မီးလန့်စ် ရိုက်ကူးတဲ့ "Small Things Like These" ဆိုတဲ့ ရုပ်ရှင်နဲ့ စဖွင့်ပါတယ်။ ဒီရုပ်ရှင်ကားက ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆု ရွှေဝက်ဝံဆုအတွက် ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ဇာတ်ကား ၂၀ ထဲက တခု ဖြစ်ပါတယ်။

၇၄ ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော် ဒိုင်လူကြီးအဖွဲ့ကိုတော့ "Black Panther" နဲ့ "12 Years A Slave" ရုပ်ရှင်ကားထဲက မင်းသမီးဖြစ်တဲ့ မက္ကဆီကန်နဲ့ ကင်ညာနွယ်ဖွား မင်းသမီး Lupita Nyong'o လူပီတာ ငွမ်ဂိုက ဦးဆောင်ပါတယ်။ သူက ဘာလင်ရုပ်ရှင်ပွဲတော်ကို အခုလို ဦးဆောင်အကဲဖြတ်ပေးရသူတွေထဲ ပထမဆုံးလူမည်းအမျိုးသမီးဖြစ်ပါတယ်။

XS
SM
MD
LG