သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တံတိုင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ


ဘာလင်တံတိုင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဘာလင်တံတိုင်း နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဂျာမဏီနိုင်ငံ ဘာလင်မြို့ကို ပိုင်းခြားထားပြီး စစ်အေးတိုက်ပွဲကာလ အဓိကသင်္ကေတ တခုဖြစ်ခဲ့တဲ့ ဘာလင်တံတိုင်း ကာရံခဲ့တာ အနှစ် (၅၀) ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် စနေနေ့က ဂျာမန်နိုင်ငံသားတွေ ဆင်နွှဲခဲ့ကြပါတယ်။ တံတိုင်းကို ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးခဲ့ရသူတွေကို အောက်မေ့တဲ့ အနေနဲ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန်က ဘာလင်မြို့မှာ ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက တည်ဆောက်ခဲ့တဲ့ တံတိုင်းဟာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ထိန်းသိမ်းသွားရမယ် ဆိုတာကို အမြဲအမှတ်ရစေမယ့် လုပ်ရပ်တခုအဖြစ် ဘာလင်မြို့တော်ဝန် Klaus Wowereit က အခမ်းအနားမှာ ပြောဆိုသွားပါတယ်။ ဂျာမန်သမ္မတ Christian Wulff နဲ့ ဝန်ကြီးချုပ် Angela Merkel တို့လည်း အခမ်းအနားကို တက်ရောက်ခဲ့ကြတာပါ။

၁၉၄၅ ခုနှစ်မှာ နာဇီဂျာမဏီနိုင်ငံကို အောင်ပွဲခံခဲ့ကြတဲ့ မဟာမိတ်တွေက ဂျာမဏီနိုင်ငံကို ဇုန်နယ်မြေ လေးခုအဖြစ် ခွဲခြားခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ထိန်းချုပ်တဲ့အပိုင်းက အနောက်ဂျာမဏီ ဖြစ်လာခဲ့ပြီး ဆိုဗီယက်ထိန်းချုပ်တဲ့ အပိုင်းကတော့ ကွန်မြူနစ်အရှေ့ဂျာမဏီအဖြစ် ပေါ်ပေါက်လာခဲ့တာပါ။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာတော့ အရှေ့ဂျာမဏီအစိုးရက အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ကြား ဖြတ်သန်းသွားလာမှုတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ကွန်ကရစ်နံရံနဲ့ ပိတ်လိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

မိုင် ၁၀၀ ကျော် ရှည်လျားတဲ့ နံရံတလျှောက်မှာ အစောင့်မျှော်စင်တွေနဲ့အတူ အရှေ့ဘာလင်ကနေ အနောက်ဘာလင်ကို ထွက်ပြေးမယ့်သူတွေကို ဟန့်တားဖို့ ကြိုးစားခဲ့တာပါ။ သမိုင်းပညာရှင်တွေကတော့ ထွက်ပြေးဖို့ ကြိုးစားသူ ၁၂၅ ယောက် သေတယ်လို့ဆိုပေမဲ့ ဒီထက်ပိုနိုင်တယ်လို့ ခန့်မှန်းတာတွေလည်း ရှိပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ဘာလင်တံတိုင်းကို အရှေ့ဂျာမဏီ နိုင်ငံသားတွေ ဖြိုချခဲ့ကြပြီး ကွန်မြူနစ်တိုင်းပြည်လည်း အဆုံးသတ်ခဲ့သလို အရှေ့နဲ့ အနောက် ဂျာမဏီ တို့ဟာလည်း ၁၉၉၀ ပြည့် အောက်တိုဘာလ ၃ ရက်နေ့မှာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG