သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင် တံတိုင်း တစိတ် တပိုင်း ကန်နိုင်ငံခြားရေးရုံး မှာ ထားရှိ


ဘာလင်တံတိုင်း ရဲ့ အစိတ်အပိုင်းကြီးတခု အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ နိုင်ငံခြားရေးဌာန ကို ရောက်ရှိ။
ဘာလင်တံတိုင်း ရဲ့ အစိတ်အပိုင်းကြီးတခု အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ နိုင်ငံခြားရေးဌာန ကို ရောက်ရှိ။

စစ်အေးကာလ အရှိန်မြင့်တက်ချိန်တုန်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကို အရှေ့နဲ့အနောက် ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်း ရဲ့ အစိတ်အပိုင်းကြီးတခုကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်၊ နိုင်ငံခြားရေးဌာနရှိတဲ့နေရာမှာ ကြာသပတေးနေ့က ရွှေ့ပြောင်း ချထားလိုက်ပါတယ်။

အမေရိကန်ရဲ့ သံတမန်ရေးဆိုင်ရာ သမိုင်းကြောင်း ဇာတ်လမ်းတွေကို ပြသ ထားမယ့် ဆောက်လုပ်ဆဲ ပြတိုက်အသစ်တခုဖြစ်တဲ့ အမေရိကန် သံတမန်ရေး ဌာနမှာ ချထားလိုက်တာပါ။ အဲဒီပြတိုက်မှာ နှစ်များစွာတလျှောက် ကမ္ဘာ့ရေးရာတွေ ကို မာလ်တီမီဒီယာ ပြကွက်တွေ၊ အရာဝတ္ထုပစ္စည်းတွေ စသည်အားဖြင့် ပြသမှာဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အပြီး နောက်ပိုင်းနှစ်တွေမှာ အနောက်ကမ္ဘာနဲ့ အရှေ့ ဥရောပနိုင်ငံတွေ အပါအဝင် ဆိုဗီယက်ပြည်ထောင်စုအကြား ပိုင်းခြား ထားခဲ့တာကို ဘာလင်တံတိုင်းနဲ့ ကိုယ်စားပြု ဖော်ပြတာပါ။ ဘာလင်ြမို့တော်ကို ပိုင်းခြားခဲ့တဲ့ ဘာလင်တံတိုင်းဟာ ၄၃ ကီလိုမီတာ ရှည်လျားပြီး ၁၉၆၁ ခုနှစ်ကနေ ဖြိုချ ဖျက်ဆီးလိုက်တဲ့ ၁၉၈၉ ခုနှစ်အထိ ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ ဂျာမနီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့ကြတာပါ။

အရှေ့ဂျာမနီကနေ ဘာလင်မြို့တော်ရဲ့ အနောက်ပိုင်းကို တံတိုင်းကြီးပေါ်၊ တံတိုင်းကြီးအောက်၊ ပတ်ပတ်လည် စတဲ့နေရာတွေ ကနေ ဝင်ဖို့ကြိုးစားရင်း လူပေါင်း ၁၇၁ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တံတိုင်းကြီးရဲ့ အစိတ် အပိုင်းအများစုကို ဆန္ဒပြသူတွေက တူကြီးတွေနဲ့ ထုနှက်ဖြိုချပစ်ခဲ့ပြီး အဲဒီမြင်ကွင်းတွေဟာ ဥရောပမှာ ရေရှည်ခိုင်မာတဲ့ လွတ်လပ်မှုကို တောင်းဆိုကြတာရဲ့ ပြယုဂ်ဖြစ်လာပါတယ်။

XS
SM
MD
LG