သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA-ရခိုင်တပ်နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ် မြေပုံ
ရခိုင်ပြည်နယ် မြေပုံ

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဂျပန်နိုင်ငံမှာသွားရောက်ရှင်းပြခဲ့ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မနေ့ စနေနေ့ကတော့ နှစ်ဘက်အကြား လက်နက်ကြီးတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူထုကို ကာကွယ်နိုင်ဖို့ဆိုပြီး အခြေချလှုပ်ရှားလာတဲ့ ရခိုင့်တပ်မတော်နဲ့ မြန်မာ အစိုးရတပ်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ရတဲ့အထိ ပြင်းထန်လာကြောင်း ရခိုင့်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“နှစ်ဆန်းတရက်မှာတော့ ထိတွေ့မှု လေးကြိမ်လောက်ဖြစ်တယ်။ ဒီနေ့နဲ့ပေါင်းတော့ လေးကြိမ်၊ ငါးကြိမ်လောက် ထိတွေ့မှုဖြစ်တယ်။ အခုနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပေါ့နော်၊ အများကြီး ပစ်ခတ်တယ်။ တိုက်ပွဲအရှိန်လည်း တော်တော်ကြာတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ်လခန့်က ကိုးကန့်လူမျိုးစုတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ်တပ်တွေဘက်က ပါဝင်တိုက်ခိုက်မူတွေရှိခဲ့တဲ့ ရခိုင့်တပ်မတော် (AA) ကို မြန်မာအစိုးရက လက်နက်ကိုင်အဖွဲ့တခုအနေနဲ့ အသိမှတ်ပြုခြင်းမရှိခဲ့ဘူးလို့ ရခိုင်တပ်မတော်ကဆိုပါတယ်။

ရခိုင့်တပ်မတော်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်ရှိရာ ပန်ဆန်းမှာဆွေးနွေးကြမယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင့်တပ်မတော်က တက်ရောက် ဖို့ ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေ ရှင်းလင်းရင်း ရခိုင်သောင်းကျန်းသူတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ ရခိုင့်တပ်မတော် ဘက်ကတော့ ရခိုင်လူထုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်ချက်အရ ရခိုင့်တပ်မတော်ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆက်ပြောပြပါတယ်။

“ရခိုင့်တပ်မတော်ဆိုတာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိရမယ်။ ပြီးရင် ရခိုင်ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ရမယ်။ ပြီးရင် တိုင်းရင်းသားအားလုံးနဲ့အတူ ဘုံ ရပ်တည်ချက်၊ ဘုံရည်မှန်းချက်တွေအပေါ်မှာ အတူတူ အလုပ်လုပ်ကိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ရခိုင့်တပ်မတော်ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်ခင်ဗျ။”

ရခိုင့်တပ်မတော်ဟာ မြန်မာပြည်မြောက်ပိုင်းမှာ စတင်အခြေစိုက်ခဲ့တာ ၆ နှစ်ခန့်ရှိပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားလာတာဟာ ၈ လခန့် ရှိနေပါပြီ။ ရခိုင့်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သားနှစ်ဦးကို ရခိုင့်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ဒီနောက် ဧပြီလ ၁၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်လာခဲ့သလို ဧပြီလ ၁၈ ရက်နေ့မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေ ဖြစ်လာခဲ့ပေမယ့် နှစ်ဘက် ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်လို့တော့ သတင်းတွေ မကြားရသေးပါဘူးရှင်။

XS
SM
MD
LG