သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်းတည့်နေ သတင်းသမားတွေအပေါ် အမှုပြောင်းတရားစွဲ


သတင်းရေးသား ဖော်ပြမှုကြောင့် ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ Bi မွန်းတည့်နေ သတင်းဂျာနယ်က အယ်ဒီတာတဦးကို ဒီကနေ့ တရားရုံးထုတ်စဉ်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ဂျာနယ် တာဝန်ရှိသူ ၅ ဦးကိုလည်း ပြစ်ဒဏ်သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း အာဏာပိုင်တို့ဘက်က သတင်းမီဒီယာအပေါ် တင်းတင်းမာမာ ကိုင်တွယ်နေတာတွေ လျော့ကျလာတာလို့လည်း ရှုမြင်ချက်တွေ ရှိနေပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်တခုကို သတင်းရေးသား ဖော်ပြခဲ့မှုနဲ့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦးတို့ကို အစိုးရက ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့တာပါ။ ဒီကနေ့ ပန်းပဲတန်း တရားရုံးမှာ ရုံးထုတ်တာမှာတော့ ဖမ်းဆီးထားသူတွေထဲက အယ်ဒီတာ ကိုရဲမင်းအောင်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ အရင် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ပုဒ်မ ၅ (ည) တို့နဲ့ တရားစွဲဆိုထားတာကနေ ပြစ်ဒဏ် သက်သာတဲ့ ပုဒ်မတွေ ပြောင်းလဲ စွဲဆိုခဲ့တယ်လို့ တရားစွဲဆိုခံရသူတို့ရဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ရဲသတင်းတပ်ဖွဲ့က ရဲမှူး ဦးထွန်းသိန်းက တရားလိုလုပ်ပြီးတော့ ဒီနေ့တော့ ပုဒ်မပြောင်းပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ /၃၄ နဲ့ တရားစွဲဆို တင်ပို့ပါတယ်။ အစ ယမန်ယူတုန်းကတော့ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ) နဲ့ (ည) အရ ယူလာတယ်။ ဒါပေမယ့် လက်တွေ့ တရားစွဲဆို တင်ပို့တဲ့အခါမှာ ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးကနေ အကြံပြုချက်အရ ပုဒ်မ ပြောင်းသွားတာပါ။ လျော့သွားတာပေါ့ဗျာ၊ ပထမဖြစ်စဉ်ကတော့ ထောင်ဒဏ် ၁၄ နှစ်ထိုက်တာ၊ ၁၄ နှစ်ထိုက်တဲ့ ပြစ်ဒဏ်ကနေပြီး အခုတော့ အများဆုံးထောင်ဒဏ် ၂ နှစ်ပဲ ထိုက်တဲ့ပြစ်ဒဏ်ကို ပြောင်းသွားတာ။ ဆိုတော့ ဒါကတော့ ကောင်းတဲ့လက္ခဏာပေါ့နော။”

ဒီရက်ပိုင်းတွေ အတွင်း သတင်းသမားတွေကို ဖမ်းဆီး တရားစွဲဆိုမှုတွေ၊ ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်နေတဲ့ အခြေအနေတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့ပြီး နောက်မှာတော့ မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ) နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ မီဒီယာအရေး ဆွေးနွေးခဲ့ကြတာပါ။ ဒီလိုတွေ့ဆုံပြီး ရက်ပိုင်းအကြာမှာပဲ အခု Bi မွန်းတည့်နေ သတင်းဂျာနယ်က ဖမ်းဆီးခံရသူတွေကို အခုလို သက်သာတဲ့ ပုဒ်မတွေနဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့တာ ဆက်နွှယ်မှုရှိမယ်လို့ ယူဆတဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးရဲမင်းဦးက ဆိုပါတယ်။

“စာနယ်ဇင်းကောင်စီဘက်ကလည်း တင်ပြတယ်ပေါ့နော်။ တင်ပြတယ်ဆိုတာက တရားဥပဒေကြောင်းအရ ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ တချို့ နစ်နာမှုမရှိအောင်၊ နောက်တစ်ခုက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင်ကြားမှာ ပိုပြီးတော့ နားလည်မှုတွေပျောက်ပြီးတော့ တင်းမာမှုတွေ ပိုများလာတာမဖြစ်အောင် ဆောင်ရွက်လို့ရတာတွေပေါ့နော်။ လုပ်ပိုင်ခွင့်ထဲကနေ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးစေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံတယ်ပေါ့၊ တင်ပြခဲ့တာပေါ့။ အခု အဲဒီအပေါ်မှာ မူတည်ပြီးတော့ တော့ အိုကေ- ဒါဆိုရင်တော့ ဥပဒေ မူဘောင် ဖရိမ် (Frame) တွေထဲကနေပြီးတော့ပဲ လုပ်လို့ရတာတွေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်- အဲလိုဆိုတော့ အဲဒါနဲ့ နည်းနည်း သက်ဆိုင်မှု ရှိမယ်လို့တော့ ထင်တယ်။”

အပတ်စဉ်ထုတ် Bi မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်းခိုင်၊ သတင်းသမားတွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသူရအောင်နဲ့ ကိုကျော်ဇောဟိန်း တို့ကိုတော့ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ အခု ပြောင်းလဲ တရားစွဲဆိုလိုက်တဲ့ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုနဲ့ ဆက်လက် တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ ဒီနှစ်အတွင်းမှာ သတင်းရယူဖို့ ကြိုးစားမှု၊ သတင်းရေးသား ဖော်ပြမှုတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီး တရားစွဲဆိုမှုတွေ ထောင်ဒဏ်ချမှတ်မှုတွေကြောင့် မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေအပေါ်မှာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့ မီဒီယာဖိနှိပ်မှုအပါအဝင် ပြုပြင်ပြောင်းလဲရေး နှေးကွေးမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုဘက်က စဉ်းစားထားတဲ့ မြန်မာအပေါ် နောက်ထပ် လိုက်လျောဖြေလျှော့ဖို့ ကိစ္စရပ်တွေကို ရပ်ဆိုင်းထားဖို့ မကြာခင် မြန်မာနိုင်ငံကိုသွားမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို လွှတ်တော်အမတ်တွေကလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG