သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ နဲ့ တရုတ် သမ္မတ အွန်လိုင်းမှာ တွေ့ဆုံကြမည်


၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒုသမ္မတ ဘိုင်ဒန် (ဝဲ)နဲ့ တရုတ်သမ္မတ ရှီတို့ တွေဆုံနှုတ်ဆက်နေစဉ်။ (သတင်းမှတ်တမ်း)
၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံခရီးစဉ်အတွင်း ဒုသမ္မတ ဘိုင်ဒန် (ဝဲ)နဲ့ တရုတ်သမ္မတ ရှီတို့ တွေဆုံနှုတ်ဆက်နေစဉ်။ (သတင်းမှတ်တမ်း)

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ရှေ့သီတင်းပတ်မှာ အွန်လိုင်းဆွေးနွေးဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထိပ်သီးခေါင်းဆောင် ၂ ယောက် အွန်လိုင်းတွေ့မယ့် အစီအစဉ်ကိုတော့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan နဲ့ တရုတ်ထိပ်တန်းသံတမန် Yang Jiechi တို့ အောက်တိုဘာလထဲ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ဆွေးနွေးသဘောတူထားကြတာပါ။

ကုန်သွယ်ရေး၊ စစ်ရေးနဲ့ တခြားကိစ္စတွေကြောင့် ၂ နိုင်ငံ ပဋိပက္ခဖြစ်ရမယ့်အရေး ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပြီး ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ မူအားဖြင့် သဘောတူထားတာဖြစ်ကြောင်းလည်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိပ်သီးတွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတအိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြောင်းလည်း Reuters သတင်းကဖော်ပြခဲ့တာပါ။ အွန်လိုင်းထိပ်သီးတွေ့ဆုံမယ့် အစီအစဉ်ကို ဒီနှစ်မကုန်ခင် ကျင်းပဖို့ မူအားဖြင့် သဘောတူထားကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Karine Jean-Pierre က တနင်္လာနေ့တုန်းက ပြောဆိုထားပါတယ်။

ရာသီဥတုဆိုင်ရာ အမေရိကန် အထူးသံကိုယ်စားလှယ် John Kerry ကလည်း အွန်လိုင်းထိပ်သီးအစည်းအဝေး မကြာခင် ကျင်းပဖို့ ရှိနေပြီး၊ သူဦးဆောင်တဲ့ အဖွဲ့ဖက်ကလည်း ပြင်ဆင်ထားကြောင်း အမေရိကန် CNN သတင်းဌာနကို ပြောဆိုခဲ့တာပါ။ ၂ နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးမယ့် အစီအစဉ် အသေးစိတ်အတွက် တာဝန်ရှိသူတွေ အနီးကပ် ဆက်သွယ် စီစဉ်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကလည်း ဘေဂျင်းမြို့တော်က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ထိပ်သီးတွေ့ဆုံမယ့်အကြောင်း ပထမဆုံး သတင်းဖော်ပြခဲ့တဲ့ Bloomberg သတင်းဌာနကတော့ ရက်အတိအကျ သတ်မှတ်ဖို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း နီးစပ်သူတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။

--------------------

တိုက်ရိုက် လင့်ခ်






XS
SM
MD
LG