သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လေကြောင်းရန် ကာကွယ်ရေး ဇုံသစ် အမေရိကန် လက်မခံ


အမေရိကန်ဒုသမ္မတ Joe Biden
အမေရိကန်ဒုသမ္မတ Joe Biden
အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက လေကြောင်းကာကွယ်ရေးဇုံသစ် သတ်မှတ်မှုဟာ ဒေသတွင်း တင်းမာမှုတွေ တိုးလာစေပြီး မှားယွင်း ယူဆမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီသတ်မှတ်မှုကို လက်မခံတဲ့အကြောင်း အမေရိကန် ဒု သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

သောကြာနေ့တုန်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က တက္ကသိုလ်တခုမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း မစ္စတာ ဘိုင်ဒန်က တရုတ်လေကြောင်း ကာကွယ်ရေးဇုံသစ်နဲ့ ပတ်သက်လို့ ကန့်ကွက် ပြောသွားတာပါ။ ခုကိစ္စက အမေရိကန်ရဲ့ လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်စရာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဘက်က တရုတ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုံသတ်မှတ်မှု ပြန်ရုပ်သိမ်းဖို့ ပြောဆိုနေတာကို တရုတ်နိုင်ငံဘက်ကတော့ ငြင်းဆန်ထားပြီးတော့၊ သူတို့ရဲ့ သတ်မှတ်မှုဟာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်မှု ကိစ္စ တင်းမာမှုတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ တပတ်ကြာ အာရှခရီးစဉ် နောက်ဆုံး ခရီးတထောက်မှာပဲ မစ္စတာ ဘိုင်ဒန်ရဲ့ မှတ်ချက် ထွက်ပေါ်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ တောင်ကိုရီးယား သမ္မတ Park Geun-Hye နဲ့ မစ္စတာ ဘိုင်ဒန်တို့ ဆိုးလ်မြို့တော် မှာ သောကြာနေ့က တွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG