ဂန်နစ်စတန်နိုင်ငံ ကာဘူးလ်လေဆိပ်နားမှာ ကြာသပတေးနေ့က ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကြောင့် အမေရိကန်တပ်သား ၁၂ ဦးနဲ့ အာဖဂန်အများအပြားသေဆုံးရမှုမှာ ကျူးလွန်သူတွေကို လိုက်လံရှာဖွေမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
"ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူရော၊ အမေရိကန်တွေကို ထိခိုက်စေချင်သူရော၊ ဘယ်သူပဲဖြစ်ဖြစ် သိစေဖို့က ကျနော်တို့ အနေနဲ့ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်သလို ဘယ်တော့မှလည်း မေ့ပစ်မှာ မဟုတ်ဖူးဆိုတာပါ။ လုပ်တဲ့သူကိုမမိ မိအောင် လိုက်ရှာမှာ ဖြစ်သလို လုပ်သမျှ ပြန်ပေးဆပ်ရမှာပါ - လို့ သမ္မတက ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပေမဲ့ ဒီလကုန်မှာ တပ်တွေရုပ်သိမ်းရေး အစီအစဉ် အပြောင်းအလဲရှိမှာ မဟုတ်ကြောင်းလည်း သမ္မတက ပြောခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကနေ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရေတပ် ဆေးတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်တပ်မှုးကြီး ဗိုလ်ချုပ် Frank McKenzie က ပင်တာဂွန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် အာဖဂန် အနည်းဆုံး ၆၀ သေဆုံးပြီး ၁၄၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းမှာ ဖေါ်ပြပါတယ်။ ဒီဖေါက်ခွဲတိုက်ခိုက်မှုကို သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ကြာသပတေးနေ့ ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။
အာဖဂန်မှာ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့နောက် နိုင်ငံက ထွက်ခွါလိုသူ ထောင်ပေါင်းများစွာလာရောက် စုဝေးနေတဲ့ ကာဘူးလ် လေဆိပ်အပြင်ဘက်မှာ ဗုံးခွဲအတိုက်ခိုက်ခံခဲ့ရတာပါ။ ပထမဗုံးဟာ လေဆိပ်ရဲ့ Abbey ဂိတ်ပေါက်ဝမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အများအပြား သေကြေဒဏ်ရာရစေခဲ့သလို ဒုတိယဗုံးကတော့ အဲဒီ ဂိတ်ပေါက်ဝနဲ့ သိပ်မဝေးတဲ့ Baron ဟော်တယ်နားမှာ ပေါက်ကွဲခဲ့တာလို့ ပင်တာဂွန် ပြောခွင့်ရ John Kirby က ပြောပါတယ်။ ပထမဗုံးဟာ အမျိုးသမီးတွေအပါအဝင် လူအများအပြားစုဝေးရာ နေရာမှာ အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း တာလီဘန်အကြီးတန်းတာဝန်ခံ တဦးက VOA ကိုပြောပါတယ်။
လေဆိပ်မှာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်မယ့် အန္တရာယ် ရှိတဲ့ အတွက် ဘေးကင်းရာနေရာ ရွှေ့ကြဖို့ အနောက်နိုင်ငံအစိုးရတွေက သတိပေးခဲ့ပြီး နာရီပိုင်းအကြာမှာ ခုလို တိုက်ခိုက်ခံရတာပါ။
------------------------------------------