သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကြွေးမြီ အကျပ်အတည်း ဖြေရှင်းနိုင်မှု သမ္မတဘိုင်ဒန် ဂုဏ်ယူပြောကြား


US President Joe Biden addresses the nation on averting default and the Bipartisan Budget Agreement, in the Oval Office of the White House in Washington, DC, June 2, 2023. JIM WATSON/Pool via REUTERS
US President Joe Biden addresses the nation on averting default and the Bipartisan Budget Agreement, in the Oval Office of the White House in Washington, DC, June 2, 2023. JIM WATSON/Pool via REUTERS

အမေရိကန်အစိုးရ ကြွေးမြီအကျပ်အတည်း ညှိုနှိုင်းအဖြေရှာနိုင်ခဲ့တာအတွက် သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က အောင်ပွဲခံ မိန့်ခွန်း ပြောကြားပါတယ်။ အိမ်ဖြူတော် သမ္မတရုံးခန်းကနေ ရှားရှားပါးပါး မိန့်ခွန်းပြောရာမှာ သမ္မတ Joe Biden က အတိုက်အခံအမတ်တွေနဲ့ အပေးအယူလုပ်ပြီး အစိုးရ လုပ်ငန်းတွေ ရပ်တန့်မသွားအောင် ရှောင်ရှားနိုင်လိုက်တာက ပါတီကြီးနှစ်ရပ် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အမေရိကန်ဒီမိုကရေစီအတွက် အားရဂုဏ်ယူစရာပါလို့ အခုလို ပြောလိုက်ပါတယ်။

“အမေရိကန် ဒီမိုကရေစီ အလုပ်ဖြစ်နိုင်ဖို့ တခုတည်းသော နည်းလမ်းက တဘက်နဲ့တဘက် အပြန်အလှန် အပေးအယူလုပ် ညှိနှိုင်းပြီး၊ သဘောတူညီချက်ရအောင် လုပ်တဲ့နည်းပါ။ ဒီနည်းနဲ့ အောင်မြင်အောင် သမ္မတ တယောက်အနေနဲ့ ကျနော် လုပ်ပါတယ်။ ပါတီကြီး နှစ်ရပ်ကြား ညှိနှိုင်းဖို့ လိုအပ်ပြီး ညှိနှိုင်းလို့ရနိုင်တဲ့ သဘောတူညီမှုတွေ ရအောင် လုပ်ခဲ့ပါတယ်" လို့ သမ္မတ Biden က တနိုင်ငံလုံးကို ပြောတဲ့ နှစ်စဉ်မိန့်ခွန်းမှာ အမေရိကန်စံတော်ချိန် မနေ့ညကပဲ ပြောသွားတာပါ။

အစိုးရလုပ်ငန်းတွေ လည်ပတ်ဖို့အတွက် ကြွေးမြီ အမြင့်ဆုံး ချေးယူနိုင်တဲ့ ပမာဏ တိုးမြှင့်ဖို့နဲ့ အစိုးရ အသုံးစရိတ်လျော့ချဖို့ ပါတီကြီး နှစ်ခုအကြား အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးညက အတည်ပြုခဲ့သလို၊ အထက်လွှတ်တော်မှာ ကြာသပတေးနေ့ညက အတည်ပြုပေး လိုက်တာကြောင့် သမ္မတ ဘိုင်ဒန် အနေနဲ့ လက်မှတ်ရေးထိုး အတည်ပြုဖို့ပဲ ကျန်တော့တဲ့အချိန်မှာ အခုလို အောင်ပွဲခံ ပြောကြားလိုက်တာပါ။

အစိုးရလုပ်ငန်းတွေ ရပ်ပြီး စီးပွားရေး ထိခိုက်နိုင်မယ့် အခြေအနေ မရောက်ရအောင် သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကြား အခြေအတင် ညိနှှိုင်းခဲ့ရပြီး ခက်ခက်ခဲခဲ သဘောတူညီမှု ရခဲ့တဲ့ ဒီဥပဒေကြမ်းကိုတော့ သမ္မတ ဘိုင်ဒန် ဒီကနေ့ လက်မှတ်ရေးထိုး အတည်ပြုမှာပါ။ ဒီ ဥပဒေ အရ အမေရိကန်အစိုးရ လည်ပတ်ဖို့ အသုံးစရိတ် ချေးယူနိုင်မယ့် ငွေပမာဏ ဒေါ်လာ ၃၁.၄ တရီလီယံ အမြင့်ဆုံး ကန့်သတ်ချက်ကို ရုတ်သိမ်းပေးလိုက်တာပါ။

ဒီရုပ်သိမ်းမှုက ၂၀၂၄ သမ္မတ ရွေးကောက်ပွဲအပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ အကျုံးဝင်ပါတယ်။ ဒါကြောင့် လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေး အကျပ်အတည်းကြုံရပြီး ကမာ္ဘ့စီးပွားရေးကို ရိုက်ခတ်နိုင်တဲ့ အခြေအနေကို ကျော်လွှားလိုက်နိုင်တဲ့အပြင် လာမယ့် သမ္မတရွေးကောက်ပွဲ မတိုင်ခင် လာမယ့် ၂ နှစ်အတွင်း ငွေကြေးစီးပွား တည်ငြိမ်မှု ရှိဖို့ အများ မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG