၂၀၁၆ ခုနှစ်အတွက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ကြောင်း လက်ရှိ ဒုသမ္မတ Joe Biden က ပြောကြားလိုက်တဲ့အတွက် သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မလားဆိုပြီး လအတန်ကြာ ခန့်မှန်းပြောဆိုမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။
အခုနှစ် မေလအတွင်း သူ့ရဲ့သားဖြစ်သူ Beau Biden ဦးနှောက်ကင်ဆာနဲ့ သေဆုံးသွားခဲ့တဲ့အပေါ် ဝမ်းနည်းပူဆွေးနေတဲ့အတွက် သူ့အနေနဲ့ ရွေးကောက်ပွဲအတွက် ဖောင်တွေအချိန်မီ တင်သွင်းရတာ၊ စကားစစ်ထိုးပွဲတွေမှာ ပါဝင်ရတာ၊ ပါတီတွင်း ရွေးကောက်ပွဲတွေအတွက် မဲဆွဲစည်းရုံးရတာတွေကို သိပ်အလေးနက်ထား မစဉ်းစားနိုင်ခဲ့ဘူးလို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြောကြားလိုက်တာပါ။
ရွေးကောက်ပွဲ အောင်နိုင်အောင် လုပ်ဆောင်ဖို့ အခုချိန်ကစလုပ်ရင် လုံလောက်တဲ့အချိန် မရှိဘူးလို့ သူထင်ကြောင်း ဇနီးဖြစ်သူ Jill Biden၊ သမ္မတ Barack Obama တို့ ဘေးတဘက် တချက်စီမှာ ခြံရံပြီး ဒုသမ္မတ Biden က ပြောကြားလိုက်ပါတယ်။
သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ပေမဲ့ တိုင်းပြည်တခုလုံးအနေနဲ့ ဘယ်ကိုဦးတည် သွားသင့်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာ ပြောဆိုသွားမယ်လို့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ Biden က ပြောပါတယ်။
Delaware ပြည်နယ်ကို ကိုယ်စားပြုပြီး အထက်လွတ်တော်အမတ်အဖြစ် ဆယ်စုနှစ် ၃ ခုကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ ၂ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဘူးပါတယ်။ သူနောက်ဆုံး ယှဉ်ပြိုင်ခဲ့တာကတော့ ၂၀၀၈ ခုနှစ် ဖြစ်ပါတယ်။