သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး သံတမန်နည်းအရ အဖြေရှာဖို့ ကန် နဲ့ ရုရှား သမ္မတချင်း ဆွေးနွေးမည်


= = =[ Zawgyi ]= = =

ယူကရိန်းအရေး သံတမန်နည်းအရ အဖြေရှာဖို့ ကန် နဲ့ ရုရှား သမ္မတချင်း ဆွေးနွေးမည်

အမေရိကန် သမ္မတ Joe Biden ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တယ်လီဖုန်းဆက် ဆွေးနွေးတဲ့အခါ ယူကရိန်းနယ်စပ် တင်းမာမှုကိစ္စ လျော့ပါးရေး သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ့်အကြောင်း အမေရိကန် အဆင့်မြင့်အရာရှိ တယောက်က ပြောလိုက်ပါတယ်။

သံတမန်နည်းလမ်းနဲ့ ရှေ့ဆက်နိုင်ဖို့ အမေရိကန်ဖက်က ပြင်ဆင်ထားပြီး၊ တချိန်တည်းမှာပဲ ရုရှားက ယူကရိန်းကို ကျုးကျော်ဖို့ ဆက်လုပ်မယ်ဆိုရင် တုံ့ပြန်ဖို့လည်း အသင့်ရှိကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဇန်နဝါရီလ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပလိမ့်မယ်လို့ ခန့်မှန်းနေချိန်မှာပဲ ၂ နိုင်ငံ ခေါင်းဆောင်တွေ တယ်လီဖုန်းကနေ ဆွေးနွေးဖို့ ရုရှားသမ္မတက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ဦး ဒါဟာ ဒုတိယအကြိမ် ဆွေးနွေးကြမှာပါ။

ပထမတကြိမ် ဆွေးနွေးခဲ့တဲ့ ဒီဇင်ဘာလဆန်းတဝိုက်မှာတော့ ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ၇ သောင်းလောက် စုဝေးရောက်ရှိနေကြောင်း ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ထောက်လှမ်းရေး ဓာတ်ပုံတွေကို အခြေခံပြီး ခန့်မှန်းထားကြပါတယ်။ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းကတော့ ရုရှားက တပ်အင်အား ၁ သိန်း ၇ သောင်းခွဲလောက် အင်အားဖြည့်ဖို့ စီစဉ်နေတယ်လို့ ယူဆကြပါတယ်။

အမေရိကန်ကတော့ ယူကရိန်းဖက်က ရပ်တည်ကြောင်း ထပ်တလဲလဲ ပြောဆိုထားပြီး လုံခြုံရေးအတွက် ဒေါ်လာသန်းနဲ့ချီ ပေးအပ်ထားတာပါ။ ယူကရိန်းသမ္မတ Volodymyr Zelenski နဲ့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာ အားပေးထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


= = ={ Unicode }= = =







XS
SM
MD
LG