ပဋိပက္ခတွေ ဖြစ်ပေါ်လာမှာကို ဟန့်တားနိုင်ရေး နှစ်ဘက်ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ တရုတ်နိုင်ငံအတွက် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးထားတယ်လို့ အာရှတိုက်က ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Joe Biden က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကေမ္ဘာဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ နောက်ဆုံးနေ့မှာ သမ္မတဘိုင်ဒန်က အဲဒီလို ပြောကြားလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ပြိုင်ဘက် နိုင်ငံတခုအဖြစ် ရှိနေမှာဖြစ်ပေမယ့် တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော် ပြောဆိုသွားမှာဖြစ်ပြီး၊ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းမှုရှိရေးနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရှိရေးကိစ္စတွေကိုလည်း အရှေ့အာရှ ထိပ်သီးညီလာခံကို ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တဲ့ကိစ္စကို ဝေဖန်ပြောကြားခဲ့သလို မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွတ်မှုအန္တရာယ်၊ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံသဘောတူထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
သမ္မတဘိုင်ဒန်ဟာ ကမ္ဘောဒီးယားနိုင်ငံကနေ G-20 စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံ ၂၀ ရဲ့ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံကို ခရီးဆက်သွားပြီ ဖြစ်ပါတယ်။ G-20 ထိပ်သီးစည်းဝေးပွဲကိုတော့ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံပြီး ဘာလီကျွန်းမှာ အခုသီတင်းပတ်အတွင်း ကျင်းပသွားမှာဖြစ်ပြီး၊ အဲဒီ စည်းဝေးပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်မယ်လို့ အိမ်ရှင်အင်ဒိုနီးရှားက အတည်ပြုထားပါတယ်။
==== Unicode ====