သမ္မတဂျိုးဘိုင်ဒင်ရဲ့ သုံးရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်မှာ ဟွန်ဒေးကုမ္ပဏီက အမေရိကန်နိုင်ငံမှာ (၁၀) ဘီလီယံ တန်ဖိုးရှိမယ့် လျှပ်စစ်ကားထုတ်လုပ်ရေးနဲ့ အဲဒီလုပ်ငန်းဆက်နွယ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူလိုက်ပါတယ်။
ဟွန်ဒေးကုမ္ပဏီဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ ဒေါ်လာ (၅.၅) ဘီလီယံ တန်ဖိုးရှိ လျှပ်စစ်ကားစက်ရုံနဲ့ ဘက်ထရီ စက်ရုံကိုတည်မှာ ဖြစ်ပါတယ်။ နောက်ထပ် (၅) ဘီလီယံကိုတော့ အလိုအလျောက် မောင်းကားတွေနဲ့ တခြား AI လို့ အတိုသိကြတဲ့ ဉာဏ်ရည်တုဆိုင်ရာ နည်းပညာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ဟွန်ဒေး ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိ Euisun Chung က သမ္မတဘိုင်ဒင်နဲ့အတူ ကြေညာခဲ့ပါတယ်။ လျှပ်စစ်ကားတွေဟာ ကျွန်တော်တို့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေအတွက် ကောင်းတယ်။ အလုပ်တွေအတွက်လည်း ကောင်းတယ်။ စီးပွါးရေးလုပ်ငန်းတွေအတွက်လည်း ကောင်းတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဟွန်ဒေးလျှပ်စစ်ကားစက်ရုံဟာ အလုပ်သမား ၈၁၀၀ ခန့်ထားမှာဖြစ်ပြီး တစ်နှစ်ကို ကား (၃) သိန်းထုတ်မှာ ဖြစ်ပါတယ်။ ဂျော်ဂျီယာပြည်နယ် Ellabell မြို့မှာ နောက်နှစ်အစောပိုင်းမှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၅ မှာ စတင်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ရင်းနှီးမြှုပ်နှံတဲ့ တောင်ကိုရီးယားကုမ္ပဏီတွေဟာ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေကို ခန့်ထားသင့်တယ်လို့လည်း သမ္မတဂျိုးဘိုင်ဒင်က တောင်ကိုရီးယားက ဆမ်ဆောင်းကုမ္ပဏီကို သွားရောက်စဉ်မှာ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုခန့်ထားဖို့တော့ ကုမ္ပဏီတွေဘက်က ဘာကတိကဝတ်မှ မရှိပါဘူး။
=== Unicode ===