သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး Air Asia အပိုင်းအစကြီး လေးခု ရှာတွေ့


အင်ဒိုနီးရှား ခရီးသည်တင် AirAsia Flight 8501 ရဲ့အစိတ်အပိုင်းကြီးတွေကို ဂျာဗားပင်လယ်ပြင်အတွင်းက ဆယ်ယူလာစဉ်။ (ဒီဇင်ဘာ ၃၊ ၂၀၁၅)
အင်ဒိုနီးရှား ခရီးသည်တင် AirAsia Flight 8501 ရဲ့အစိတ်အပိုင်းကြီးတွေကို ဂျာဗားပင်လယ်ပြင်အတွင်းက ဆယ်ယူလာစဉ်။ (ဒီဇင်ဘာ ၃၊ ၂၀၁၅)

ပျက်ကျခဲ့တဲ့ Air Asia ရဲ့ အစိတ်အပိုင်းကြီး ၄ ခု ကို ရေအောက် ၉၈ ပေ အနက် ပင်လယ်ကြမ်းပြင်မှာ တွေ့ခဲ့တယ်လို့ ခရီးသည်တင်လေယာဉ် ရှာဖွေရေးအဖွဲ့က ကြီးမားတဲ့ ပြောလိုက်ပါတယ်။

အကြီးဆုံးအစိတ်အပိုင်းတခုက ပေ ၆၀ နီးပါးရှည်တယ်၊ ဒါ့အပြင် လေယာဉ်အလယ်ပိုင်း ဝမ်းပေါက်နားကို လက်လှမ်းမီကာ နောက်ထပ်အလောင်းတွေ ထုတ်နိုင်ဖို့နဲ့ လေယာဉ်အချက်အလက်မှတ်တမ်းစက် Black Box ရနိုင်ဖို့ ဆက်ကြိုးပမ်းနေတယ်လို့ ဂျာဗားပင်လယ်ထဲမှာ ရှာဖွေရေးလုပ်နေတဲ့ ဒီအင်ဒိုနီးရှားအဖွဲ့က ဆိုပါတယ်။

ဒီလေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကလည်း ခုလိုရှာဖွေတွေ့ရှိမှုကြောင့် နောက်ထပ်အလောင်းတွေ ထပ်ရဖို့ မျှော်လင့်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ပြောဆိုနေပါတယ်။

မိသားစုဝင်တဦးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား Ongko Gunawan က လေယာဉ်ပျက်ကျအပြီး ၆ ရက်ရှိလာတာမို့ အခုလို လေယာဉ်အစိတ်အပိုင်းကြီးလို့ ယူဆနိုင်တာတွေ တွေ့လိုက်တာကြောင့် အလောင်းတွေ မကြာခင်ထပ်တွေ့နိုင်တယ်၊ ဒါဆိုသူတို့ကို ဈာပနအခမ်းအနားလုပ်ပေးလို့ရတယ်၊ သိပ်ကြာသွား ရင် အလောင်းတွေရှာမတွေ့တော့မှာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Banbang Soelistyo က ရှာဖွေရေးသမားတွေအနေနဲ့ ရေအောက်သွား အဝေးထိန်းယာဉ်သုံးပြီး လေယာဉ်ရဲ့ အပျက်အစီး ပုံရိပ်တွေရဖို့ ဆက်ကြိုးပမ်းနေတယ်လို့ ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ပထမဆုံးရှာတွေ့ခဲ့တဲ့ အစိတ်အပိုင်းကြီး ၂ ခုထဲက တခုကတော့ အလျား ပေ ၃၀ အနံ ၁၅ ပေ နဲ့ အထူ ၁ပေခွဲရှိပြီး၊ နောက်တခုကတော့ အလျား ၂၃ ပေနဲ့ အထူ ၁.၆ ပေရှိတယ်၊ ဒီ ၂ ခုကို နီးနီးကပ်ကပ်တွေ့ခဲ့ရတယ်လို့ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။

အင်ဒိုနီးရှားအများစုပါတဲ့ လူပေါင်း ၁၆၂ ဦးတင်ဆောင်သွားတဲ့ Air Asia လေယာဉ်အနေနဲ့ အင်ဒိုနီးရှားကနေ စင်္ကာပူ ခရီးစဉ်ကို ပျံသန်းခဲ့စဉ် တနင်္ဂနွေနေ့က ပျက်ကျခဲ့တာဖြစ်ပြီး တပတ်ခန့်ကြာလာတဲ့ အခုချိန်ထိတော့ အလောင်းပေါင်း ၃၀ ကို ရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်။

XS
SM
MD
LG