၂၀၁၆ ခုနှစ်အတွက် အမေရိကန် အစိုးရရဲ့ အသုံးစရိတ်ဆိုင်ရာ ဥပဒေမှာ မြန်မာနိုင်ငံ က တိုင်းရင်းသား အချင်းချင်းကြား နဲ့ ကိုးကွယ်တဲ့ ဘာသာ မတူသူ လူမျိုးစုတွေကြား ပဋိပက္ခဖြစ်အောင် လှုံဆော်ဖန်တီးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ် တဦးချင်းစီ ကို အကူအညီ မပေးရဘူးဆိုတဲ့ ကန့်သတ်ချက်တခုကို ထည့်သွင်းပြဋ္ဌာန်း ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆန်းစစ်တဲ့နေရာမှာ အရှင်ဝီရသူကို လေ့လာ သုံးသပ်ဖို့လည်း ဥပဒေထဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကို ညွှန်ကြား ထားပါတယ်။
အခုလိုမျိုး ထည့်သွင်းပြဋ္ဌာန်းထားတဲ့အပြင် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ဆက်ဆံတာတွေ အပေါ် သမ္မတ ဘရာ့ခ် အိုဘားမား အစိုးရ အနေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့လည်း ပါဝင်တဲ့အတွက် ကျေနပ်တဲ့အကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ Ed Royce ရဲ့ သောကြာနေ့ ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။
အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီးတဲ့နောက် သမ္မတ ဘရာ့ခ် အိုးမားက သောကြာနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။
ဒါ့အပြင် အမေရိကန်လုံခြုံရေးနဲ့IS စစ်သွေးကြွတွေကို နှိမ်နင်းဖို့လို အရေးပါတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ရန်ပုံငွေပြဋ္ဌာန်းချက်လည်း ဥပဒေထဲမှာ ပါ-ပါတယ်။
ရေနံလို စွမ်းအင် အရင်းအမြစ်တွေကို လက်နက်သဖွယ်အသုံးချပြီး အမေရိကန်ရဲ့ မဟာမိတ်တွေကို ထိုးနှက်နေတဲ့ Vladimir Putin လို ပုဂ္ဂိုလ်တွေကို တုံ့ပြန်ဖို့နဲ့ အမေရိကန် စီးပွားရေး ပိုကောင်းလာဖို့အတွက် ရေနံကို ပြည်ပတင်ပို့ခွင့် ပြန် ခွင့်ပြုထားပါ တယ်။ အမေရိကန်ပြည်ထောင်စုကနေ ပြည်ပကို ရေနံတင်ပို့ခွင့် ပိတ်ပင်ထားတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပါပြီ။