သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး စံချိန်တင်အရေအတွက် ရန်ကုန်နဲ့ မန္တလေးမှာ ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ(ဓါတ်ပုံ- Yangon Police Facebook)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ(ဓါတ်ပုံ- Yangon Police Facebook)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိတဲ့အမှုကနေ တဆင့် ပြီးခဲ့တဲ့ မတ်လ ၅ ရက် စနေနေ့က မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စံချိန်တင်အရေအတွက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော် အပါအဝင် တခြား မူးယစ်ဆေးဝါးတွေကို ထပ်ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့က မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့ဝင် တွေဟာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော်ကို သံသယရှိသူ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေရဲ့ သတင်းပေးဖော်ထုတ်ချက်အရ မတ်လ ၅ ရက်နေ့မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်က အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်နဲ့ မက်သာ ဖက်တမင်း ဟိုက်ဒရို ကလိုရိုဒ် ကီလိုဂရမ် ၈၀ ကျော်ကို ထပ်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အခုလို ရန်ကုန်နဲ့ မန္တလေး ချိတ်ဆက်ပြီး ရောင်းဝယ်နေကြတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို စံချိန်တင် အရေအတွက် အများအပြား စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုတိယ တာဝန်မှူး ရဲမှူးကြီး မြင့်သိန်းက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ကျနော်တို့ အဓိကပြောရမယ်ဆိုရင်တော့ ရန်ကုန်မှာ မိတာ မက်သာ ဖက်တမင်းကလိုရိုဒ် က ၄၄ ဂရမ် ၊ ဘိန်းမဲက ၅၂ ဂရမ် ၊ ငွေကတော့ သိန်း ၁၀၀ ၊ ယာဉ်ကတော့ ၂ စီး ကျနော်တို့ သိမ်းဆီးရမိခဲ့တယ် ခင်ဗျာ။ နောက် စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်ပေါ့နော်၊ မက်သာ ဖက်တမင်းကလိုရိုဒ် က ၈၂ ကီလို ၊ ဘိန်းဖြူကတော့ ၂၄ ကီလို ၊ နောက်ဘိန်းဆီခဲကတော့ ၁၅ ကီလိုကျော်ကို သိမ်းဆီးရမိခဲ့ပါတယ်။”

မန္တလေးမြို့မှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်နဲ့ အခြား မူးယစ်ဆေးဝါးတွေဟာကာလတန်ဖိုးအရ ကျပ် ၃၇ ဘီလျံ နီးပါး တန်ဖိုးရှိတယ်လို့ ဒီအမှုကို စစ်ဆေးနေတဲ့ မန္တလေး မူးယစ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း ခုလို ပြောပြပါတယ်။

“ကျနော်တို့ ရန်ကုန်ကနေ ဖမ်းမိကတည်းကနေ လိုက်ခဲ့တယ်လေ။ သူတို့ပေးတဲ့ လိပ်စာအတိုင်း သွားရာတယ်။ ကားပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ လည်းဖမ်းမိခဲ့တယ်လေ။ တန်ဖိုးက ၃၆.၉၆၈၄၉ ဘီလီယံ ခန့်ပေါ့။”

ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ကွန်တိန်နာကားကြီးနဲ့အတူ မူယစ်ဆေးဝါးတွေဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိတာ ဖြစ်တဲ့အကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။ လက်ရှိမှာတော့ အခုလို ပမာဏ များပြားလှတဲ့ မူယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး မြင့်သိန်းက ခုလို ပြောပြပါတယ်။

“ဒါကတော့ ကျနော်တို့ တားဆီးနှိမ်နင်းရေးအဖွဲ့တွေရဲ့ ဆောင်ရွက်မှုကြောင့်လို့ သတင်းအရ ပြောလို့ရပါတယ်ခင်ဗျာ။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ ဆဲဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG