ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ နေရာအတွက် ဝင်ရောက် အရွေးခံမယ့် ကာတာနိုင်ငံက မိုဟာမက် ဘင်ဟာမန် (Mohamed Bin Hammam) ဟာ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီ ရှေ့မှောက်မှာ စစ်ဆေးခံဖို့ နာရီပိုင်း အလိုမှာပဲ FIFA ရဲ့ ဥက္ကဋ္ဌ နေရာအတွက် ဝင်မပြိုင်တော့ဘူးလို့ ပြောသွားပါတယ်။
ဒီလို မစ္စတာ ဘင်ဟာမန် ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်သွားတာကြောင့် FIFA မှာ သက်တမ်းရှည်လှပြီဖြစ်တဲ့ လက်ရှိဥက္ကဋ္ဌ ဆွစ်ဇာလန်နိုင်ငံက ဆက်ပ် ဘလတ္တာ (Sepp Blatter) အတွက် လမ်းရှင်းသွားသလို ဖြစ်သွားရပါတယ်။
မစ္စတာ ဘင်ဟာမန်ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဖြစ်ချင်ဇောတွေကို FIFA ရဲ့ ဂုဏ်သိက္ခာနဲ့ မှန်မှန်ကန်ကန် ရပ်တည်မှုတွေထက် ဦးစားမပေးနိုင်ဘူးလို့ စနေနေ့ ညပိုင်းက ပြောသွားပါတယ်။ သူရယ် မစ္စတာ ဘလတ္တာရယ်နဲ့ FIFA ဒု-ဥက္ကဋ္ဌ ဂျက် ၀ါနာ (Jack Warner) တို့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံးကို FIFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တနင်္ဂနွေနေ့မှာ မေးမြန်းမှာပါ။
မစ္စတာ ဘင်ဟာမန်နဲ့ ဒု-ဥက္ကဋ္ဌ ၀ါနာတို့က သူတို့ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ပြောနေပြီး မစ္စတာ ဘလတ္တာကတော့ အချက်အလက်တွေက သက်သေပြပါလိမ့်မယ်လို့ ပြောသွားပါတယ်။