သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားစိစစ်မှု မြေပုံမှာ စတင်


Suriyalik qochqinlar, Gretsiya
Suriyalik qochqinlar, Gretsiya
ရခိုင်ပြည်နယ်အတွင်းက မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ မွတ်ဆလင်တွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ပေးမှုတွေ စတင်နေပါပြီ။ လူဝန်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက အခု ဂျွန်လ ၁၄ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်ထဲနေထိုင်တဲ့ မွတ်ဆလင်ဘာသာဝင်တွေကို ဘင်္ဂလီလူမျိုးစုအနေနဲ့ နိုင်ငံသား စိစစ်ပေးမှုတွေ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်ဆလင်လူနည်းစုတွေထဲမှာပဲ ရိုဟင်ဂျာနဲ့ ဘင်္ဂလီဆိုတဲ့ လူမျိုးစု အငြင်းပွားမှု ရှိနေတဲ့ကြားက မြန်မာအစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက တော့ ဇွန်လလယ်ပိုင်းမှာပဲ မြေပုံမြို့နယ်မှာ နေထိုင်တဲ့ မွတ်ဆလင်ဘာသာဝင်အချို့ကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ဘင်္ဂလီလူမျိုးတွေအဖြစ်နဲ့ နိုင်ငံသားစိစစ်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် က စပြီးတော့ ရခိုင်ပြည်နယ်ထဲမှာ မကြာခဏဆိုသလို လူမျိုးရေးပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မြေပုံမြို့နယ်ထဲမှာရှိတဲ့ ဒုက္ခသည် စခန်းတစ်ခုမှာ နိုင်ငံသားစိစစ်ပေးမှုတွေကို လဝက ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဦးစီးပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက အတည်ပြု ပြောဆိုပါတယ်။

“မြေပုံမှာလေ၊ -- စတင်ပြီးတော့ ဆောင်ရွက်ပါတယ်။ လဝက DG ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကိုယ်တိုင် စီမံဆောင်ရွက်နေပါတယ်ခင်ဗျ။ အဆင်ပြေတယ်လို့ ပြောပါတယ်ခင်ဗျ။ မနေ့ကတော့လေ ကျနော်သိသလောက် နောက်ဆုံးရတဲ့အနေအထားကတော့ မိသားစု ၃၅ စုပေါ့လေ။ သူတို့ ဆောင်ရွက်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ ကျန်တဲ့ အဟန့်အတား အခက်အခဲတော့ မရှိဘူးလို့ ကျနော် သိရပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း လိုအပ်တဲ့ လုံခြုံရေးပိုင်းနဲ့ အုပ်ချုပ် ထောက်ပံ့မှုအပိုင်းကိုတော့ စီမံပေးနေပါတယ်။ မြေပုံကိစ္စပြီးရင် သူတို့ နောက်တဆင့်ပေါ့လေ-ဆောင်ရွက်ဖို့တော့ အစီအစဉ်ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။”

ဒီ နိုင်ငံသားစိစစ်ပေးမှုဟာ ၂၀၁၄ အတွင်းမှာ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအပေါ်မှာ အခြေပြုပြီးတော့ ဘင်္ဂလီ- ရိုဟင်ဂျာဆိုပြီး အကြီးအကျယ် အငြင်းပွားမှု မရှိခဲ့တဲ့ မြေပုံမြို့နယ်အတွင်းမှာ စတင်တာလည်း ဖြစ်ပါတယ်။

မြေပုံမြို့နယ်အတွင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက အခုလို ဆောင်ရွက်ချက် အပေါ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတဲ့အပေါ်မှာ အဂတိလိုက်စားမှုတွေ ကင်းဖို့တော့လိုမယ်လို့ သူက ပြောပါတယ်။

“မြေပုံမြို့နယ်မှာဆိုရင် သန်းကောင်စာရင်းကောက်တုန်းက နည်းနည်းပါးပါး အဆင်ပြေတာပေါ့နော်၊ ဟိုဘက် ဒီဘက် အုပ်စုချင်း သိပ်ပြီးတော့ ပြဿနာမရှိဘူးဆိုတဲ့အတိုင်းအတာနဲ့ မြေပုံကို စံပြကွက်ပေါ့နော်- သတ်မှတ်ပြီးတော့ စတင်တဲ့ခြေလှမ်းပေါ့နော်။ ကျနော်တို့ကတော့ ဒါက လုပ်သင့်လုပ်ထိုက်တာဖြစ်လို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မမှန်မကန်မှုတွေပေါ့နော်၊ အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်ဘဲနဲ့ နိုင်ငံသားတွေကို စိစစ်တဲ့နေရာမှာ နိုင်ငံခြားသားဖြစ်တယ်ဆိုရင် ဘာလုပ်မှာလဲ၊ နိုင်ငံသားဖြစ်တယ်ဆိုရင် ဘယ်လို ဆက်ထားမှာလဲ - အဲဒါကအစ အဖြေက လိုတယ်။ အဲလို စံပြသဘောမျိုးနဲ့ တချက်ကောင်းလုပ်တာဆိုရင်တော့ ဘယ်လိုမှ ခရီးရောက်မှာ မဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်။”

မြေပုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်မှုပေးရာမှာ ဘင်္ဂလီ- ရိုဟင်ဂျာ ဆိုပြီး အငြင်းပွားမှု သိပ်မရှိပေမဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောလို မွတ်ဆလင် အတော်များများနေထိုင်တဲ့ နေရာတွေမှာ ဆက်လက်ကောက်ခံချိန်မှာတော့ အခက်အခဲတွေရှိလာနိုင်တယ်လို့လည်း ဦးဖေသန်းက ဆက်ပြီး သုံးသပ်ပါတယ်။

“မြေပုံမြို့နယ်က ရခိုင်ပြည်နယ် တစ်ခုလုံးမှာ အေးအေးဆေးဆေး ပြီးသွားတဲ့အကွက်မို့ သူတို့က အဲဒီလို စတင်ပြီးတော့ လုပ်တာပါ။ ဒါပေမယ့် ကျနော်ထင်ပါတယ်၊ ဒီမှာ ပြေလည်ရင်တောင်မှ ရခိုင်တပြည်နယ်လုံး စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသဖြင့် ဒီလိုဒေသတွေမှာတော့ သိပ်ပြီးမလွယ်ဘူးထင်တယ်ဗျ။”

ဒါပေမယ့် တစ်ဖက်မှာတော့ အစိုးရက အခုလို လူမျိုးပေါ်မူတည်ပြီး နိုင်ငံသား သတ်မှတ်တယ်ဆိုတာထက် နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်သင့်တဲ့ အရည်အချင်းနဲ့ သတ်မှတ်တာက ပိုပြီး သင့်လျော်မယ်လို့ မွတ်ဆလင် ဘာသာဝင် ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောပါတယ်။

“ရိုဟင်ဂျာပဲဖြစ်ပစေ၊ ကကြီး လူမျိုးပဲဖြစ်ပစေ၊ ခခွေးလူမျိုးပဲဖြစ်ပစေ၊ ဒီလူတစ်ဦးဟာ ဒီနိုင်ငံမှာ မိဘဘိုးဘွားကနေ နေထိုင်ဆင်းသက်မွေးဖွားလာပြီး ဒီနိုင်ငံမှာ အခြေကျတယ်၊ ဒီနိုင်ငံမှာပဲ သူ့နိုင်ငံအဖြစ်နဲ့ နေထိုင်ပြီးသေမယ်ဆိုရင် ဒီလူဟာ ဒီနိုင်ငံသားပဲလို့ ကျနော်တို့က ဒီလို ယုံကြည်ထားတယ်။ ဒါ နိုင်ငံတကာ စံနှုန်းပဲပေါ့။ အဲဒီတော့ ရိုဟင်ဂျာဖြစ်ဖြစ်၊ ဘင်္ဂလီဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်- ကျနော်ဆိုလိုတာက လူတစ်ယောက်အပေါ်မှာ သူသည် နိုင်ငံသားအခွင့်အရေး ရှိမရှိပဲ စဉ်းစားတဲ့အခါမှာ လူမျိုးနဲ့စဉ်းစားဖို့ မလိုဘူးလို့ ကျနော် ထင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာဆိုရင် မတူညီတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့ ဘာသာဝင်တွေကြား ၂၀၁၂ က စပြီး မကြခဏဆိုသလို အကြမ်းဖက်အသွင်ဆောင် ပဋိပက္ခတွေ ဖြစ်လာ ခဲ့တာပါ။ ၂ ဖက် လူမျိုးစု ၂ စုအကြား လူ အသေအပျောက်နဲ့ အပျက်အစီးတွေရှိခဲ့ပြီးတော့ ဒုက္ခသည် စခန်းတွေ မှာလည်း ဒီနေ့ထိ နေထိုင်နေရသေးတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးတွေဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့ ကလည်း ဇွန်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ကြပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဘင်္ဂလီလူမျိုးတွေကို နိုင်ငံသား စိစစ်ပေးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်လူမျိုးစု ၂ စုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေဖြစ်ပြီး နေရပ်စွန့်ခွာ နေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေကို အကူအညီပေးရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ သွားရောက်ခဲ့သေးတယ်လို့လည်း ဖော်ပြထားပါတယ်ခင်ဗျာ။
XS
SM
MD
LG