သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု


ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု
ဘင်လာဒင် သေဆုံးမှု အယ်လ်ခိုင်းဒါး အတည်ပြု

အယ်လ်ခိုင်းဒါး (Al-Qaida) အဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးမှုကို အတည်ပြုလိုက်ပါတယ်။ သောကြာနေ့က အကြမ်းဖက် ကွန်ရက်အဖွဲ့က ဂျီဟတ် အင်တာနက် ဖိုရမ်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့မြို့တော် အစ္စလာမ်မာဘတ် (Islamabad) ကနေ ကားနဲ့ ၂ နာရီကြာ သွားရတဲ့ အဘော့တာဘက် (Abbottabad) မြို့မှာ တနင်္လာနေ့က လုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်ရေတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ အမေရိကန်ရေတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေနဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

အဘော့တာဘက်မြို့က ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်းကို တနင်္လာနေ့က စီးနင်းခဲ့ပြီးနောက် အခုလို အမေရိကန် သမ္မတဟာ ကင်တက်ကီ၊ ဖော့တ်ကမ်းဘဲလ်ကို သွားပြီး အထူးတပ်ဖွဲ့ဝင်တွေနဲ့ တခြား စစ်တပ် တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် ကျေးဇူးတင်စကား ပြောကြားမှာ ဖြစ်ပါတယ်။

ဘင်လာဒင်ရဲ့ ခြံဝင်းထဲက သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေအရ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်မယ့် ၁၀ နှစ်မြောက် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံက အမည်အတိအကျ ဖော်ပြမထားတဲ့ နေရာက ရထားလမ်းတွေကို တိုက်ခိုက်ဖို့ ကြံစည်ထားကြောင်း တွေ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့က ရထားလမ်းတွေကို ဖျက်ဆီးခြင်းအားဖြင့် ရထားဟာ တံတားပေါ်က ဒါမှမဟုတ် တောင်ကြားလမ်းထဲကို ပျက်ကျအောင် ကြံစည်ခဲ့ပုံ ရှိတဲ့အကြောင်း အမိမြေ လုံခြုံရေးဌာနက ရရှိခဲ့တဲ့ စာရွက်စာတမ်းကို ကိုးကားပြီး အမေရိကန် သတင်းဌာနတွေက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒီအကြံအစည်ဟာ အကောင်အထည်ပေါ်မယ့် အထောက်အထား မရှိဘူးလို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

လောလောဆယ် ဘင်လာဒင် ရှိခဲ့တဲ့ နေအိမ်ခြံဝင်းကို စောင့်ကြည့်ဖို့ တာဝန်ယူခဲ့တဲ့ အဖွဲ့ရဲ့ အဘော့တာဘက်မြို့က လုံခြုံတဲ့ အိမ်တလုံးကို ဆက်ပြီး ထိန်းသိမ်းထားမယ်လို့ အမေရိကန် ထောက်လှမ်းရေး ဗဟိုအဖွဲ့ CIA က ပြောဆိုပါတယ်။

ဒီ လုံခြုံတဲ့အိမ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရှိတဲ့ ထောက်ပံ့မှုတွေကို အမေရိကန် ပြည်ထောင်စု အစိုးရ ဌာနတွေကနေ လွှဲပြောင်းပေးအပ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက CIA တာဝန်ရှိသူတွေ ကွန်ဂရက်စ် လွှတ်တော်နဲ့ တွေ့ဆုံခဲ့တယ်လို့ အစိုးရ အရာရှိတချို့ကို ကိုးကားပြီး The Washington Post သတင်းစာက ရေးသားထားပါတယ်။

XS
SM
MD
LG