ပါကစ္စတန် အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့ဝင်တွေ၊ အစိုးရ အဖွဲ့ဝင်တွေဟာ အယ်လ်ခိုင်းဒါး (al-Qaida) ကွန်ရက်နဲ့ ပူးတွဲ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် မမှန်ပါဘူး၊ အကြမ်းဖက် တိုက်ဖျက်ရေး မှတ်တမ်းတွေ အရလည်း ဒီလိုလုပ်တယ်ဆိုတာ မတွေ့ရပါဘူးလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဆယ်လ်မန် ဘာရှား (Salman Bashir) က အခုလို ကာကွယ် ပြောဆိုသွားရာမှာ အမေရိကန် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ တနင်္လာနေ့မှာ အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးပြီး နောက်မှာပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဘင်လာဒင်က ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့မှာ ပုန်းအောင်းနေတာကို RSI ထောက်လှမ်းရေးက မသိလို့ဆိုပြီး အခုလိုပြောတာ မတရားပါဘူးလို့လည်း မစ္စတာ ဘာရှားက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင် အခုလို သေဆုံးသွားရုံနဲ့ အယ်လ်ခိုင်းဒါး ကွန်ရက်နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေ တိုက်ခိုက်နေတဲ့ စစ်ပွဲ ပြီးဆုံးမှာ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပါကစ္စတန်နိုင်ငံက အရေးကြီးလှတဲ့ မိတ်ဘက်နိုင်ငံ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတဲ့ သတင်း အချက်အလက်တွေ အမေရိကန်ဆီမှာပဲ ရှိတာပါ။ ဒါပေမဲ့ ဒါ အမေရိကန် ထောက်လှမ်းရေးက အသုံးမကျလို့ ဆိုပြီးတော့ သူပြောပိုင်ခွင့် မရှိပါဘူးလို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။
တနင်္လာနေ့က အသတ်ခံရသူဟာ ဘင်လာဒင်ဖြစ်တယ် ဆိုတာ သေချာကြောင်း အမေရိကန်နဲ့ ပါကစ္စတန် သတင်းရပ်ကွက်တွေက အတည်ပြုပေးတယ်လို့လည်း မစ္စတာ ဘာရှားက ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၁ ရက်နေ့၊ ၂၀၀၁ ခုနှစ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးသွားရသူတွေကို အရိုအသေပြုဖို့၊ အဲဒီလို အတိုက်အခိုက်ခံရလို့ ပျက်စီးသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး နေရာဆီကို သွားရောက်ဖို့အတွက် အမေရိကန် သမ္မတ အိုဘားမား (Barack Obama) နယူးယောက်ခ်မြို့ကို ဒီနေ့ သွားရောက်မှာ ဖြစ်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဦးဆောင်လုပ်ခဲ့သူ ဆိုတဲ့ အယ်လ်ခိုင်းဒါးကွန်ရက် ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ ပါကစ္စတန်နိုင်ငံမှာ တိုက်ခိုက် သတ်ပစ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မစ္စတာ အိုဘားမား ဒီခရီးစဉ်ကို သွားရောက်တာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် အယ်လ်ခိုင်းဒါး တိုက်ခိုက်မှုမှာ သေဆုံးသွားသူတွေအတွက် ပန်းခွေချမယ်၊ သေဆုံးသူတွေရဲ့ အမျိုးအဆွေတွေနဲ့လည်း သမ္မတက သီးသန့် တွေ့ဆုံဖို့ ရှိပါတယ်။