အယ်လ်ခိုင်းဒါး (Al Qaida) အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) အစ္စလာမ်မာဘတ် (Islamabad) မြို့တော်နဲ့ မိုင် ၄၀ လောက်တောင် မဝေးတဲ့ နေရာမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်တယ် ဆိုတာဟာ သူ့ကို ထောက်ပံ့နေတဲ့ ကွန်ရက်တွေ ပါကစ္စတန်ထဲမှာ ရှိနေလို့ ဖြစ်ရမယ်ဆိုတဲ့ အမေရိကန် အစိုးရ အဖွဲ့ဝင် တချို့ရဲ့ အပြောမျိုး သမ္မတ အိုဘားမား (Barack Obama) ကလည်း ပြောသွားပါတယ်။
ပါကစ္စတန် အစိုးရဟာ သူ့တိုင်းပြည်ထဲမှာ အိုစမာ ဘင်လာဒင် ရှိနေတာ သိထားခဲ့လား၊ မသိထားဘူးလား ဆိုတာ တပ်အပ် မပြောနိုင်ပေမဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ CBS ရုပ်မြင်သံကြားဌာနနဲ့ မေးမြန်းခန်းမှာ မစ္စတာ အိုဘားမားက ပြောသွားပါတယ်။
NBC ရုပ်မြင်သံကြားဌာနက တင်ဆက်တဲ့ Meet the Press အစီအစဉ်မှာတော့ သမ္မတ အိုဘားမား အစိုးရအဖွဲ့ရဲ့ ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ အမျိုးသား လုံခြုံရေး အကြံပေး တွမ် ဒွန်နီလွန် (Tom Donilon) က ဘင်လာဒင် သေဆုံးသွားပေမဲ့လည်း အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ အကြမ်းဖက်မှု အန္တရာယ်က ရှိနေဆဲပဲလို့ ပြောပါတယ်။
အယ်လ်ခိုင်းဒါး အဖွဲ့ဟာ နည်းဗျူဟာအပိုင်းမှာ ကျရှုံးသွားပြီလို့ ယူဆလို့ မရကြောင်း အမျိုးသား လုံခြုံရေး အကြံပေး မစ္စတာ တွမ် ဒွန်နီလွန်က ပြောသွားတာပါ။ ဒါပေမဲ့ ဘင်လာဒင်ကို ဖယ်ရှားနိုင်လိုက်တာဟာ အယ်လ်ခိုင်းဒါး အဖွဲ့ကို နှိမ်နင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ အထူးအရေးပါတဲ့ အောင်မြင်မှုပဲလို့ ပြောသွားတာပါ။
ဘင်လာဒင် နေထိုင်ရာကို စီးနင်းတိုက်ခိုက်တော့ သိမ်းဆည်းရမိလိုက်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေဟာ သိမ်းဆည်းဖူးပြီးသမျှထဲမှာ အများဆုံးပဲလို့ မစ္စတာ ဒွန်နီလွန်က ပြောပါတယ်။
နောက်ထပ် ဘယ်လို တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို သိနိုင်ဖို့အတွက် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သေချာ စစ်ဆေးရှာဖွေနေပါတယ်။
အိုစမာ ဘင်လာဒင်ကို မေလ ၂ ရက်နေ့ ဝင်ရောက်တိုက်ခိုက်တုန်းက ဖမ်းဆီးမိခဲ့ပြီး လက်ရှိမှာ ပါကစ္စတန် အစိုးရရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေတဲ့ ဘင်လာဒင်ရဲ့ ဇနီး ၃ ဦးကို အမေရိကန် ပြည်ထောင်စုက စစ်ဆေး မေးမြန်းချင်နေပါတယ်။
ဘင်လာဒင် ပုန်းအောင်းနေတဲ့ နေရာက သိမ်းဆည်းရမိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အမေရိကန် အစိုးရကို ပြောပြရမယ်၊ ဘင်လာဒင်ရဲ့ ဇနီး ၃ ဦးကိုလည်း ပါကစ္စတန်က အမေရိကန်တို့ကို မေးမြန်းခွင့် ပေးရမယ်လို့ မစ္စတာ ဒွန်နီလွန်က ပြောပါတယ်။