သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နဲ့ ဘင်လာဒင် ဆက်နွယ်မှု မေးခွန်းထုတ်ခံရ


ပါကစ္စတန်နဲ့ ဘင်လာဒင် ဆက်နွယ်မှု မေးခွန်းထုတ်ခံရ
ပါကစ္စတန်နဲ့ ဘင်လာဒင် ဆက်နွယ်မှု မေးခွန်းထုတ်ခံရ

အယ်လ်ခိုင်းဒါး (al-Qaida) အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို ပါကစ္စတန်နိုင်ငံထဲမှာ အသေမိလိုက်တဲ့ သတင်းကြောင့် ပါကစ္စတန်နိုင်ငံသား တော်တော်များများ အံ့အားသင့် နေကြပါတယ်။ ဒီလို အိုစမာ ဘင်လာဒင်ကို သုတ်သင်ရာမှာ ပါကစ္စတန်နိုင်ငံရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပါကစ္စတန်ဟာ အကြမ်းဖက် သောင်းကျန်းသူတွေကို ခိုလှုံခွင့် ပေးနေတဲ့ နေရာဆိုတာ သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဖေးလ် အစ်တ်နာ (Phil Ittner) ရဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

အစ္စလာမ်မာဘတ်နဲ့ တနာရီလောက် ကားမောင်းရတဲ့နေရာက ခြံအကျယ်ကြီး တခုထဲမှာ ဆောက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ အဆောက်အဦးကြီးထဲမှာ အိုစမာ ဘင်လာဒင်ကို အမေရိကန် ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တာပါ။ စောစောပိုင်းကတော့ အိုစမာ ဘင်လာဒင်ဟာ အာဖဂန်နစ္စတန်နယ်ခြား ဝေးလံတဲ့ တောတောင်တွေကြားမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မြေအောက် ဥမင်တွေကြားမှာပဲ ဖြစ်ဖြစ် ပုန်းအောင်းကောင်း ပုန်းအောင်းနေလိမ့်မယ်လို့ တွက်ဆချက်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ပါကစ္စတန်နိုင်ငံ မြို့တော်နဲ့ မနီးမဝေး စစ်တက္ကသိုလ်ကျောင်းနဲ့ သိပ်မဝေးတဲ့နေရာက လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ ခြံဝန်းကြီးထဲက အဆောက်အဦးကြီးထဲမှာ ဇနီးသည်ကို ကျည်ကာ အဖြစ် အသုံးပြုရင်း နောက်ဆုံး ဘင်လာဒင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပါကစ္စတန်နိုင်ငံရဲ့ ဒီလိုနေရာမျိုးမှာ အချိန်ကြာကြာ နေနိုင်ဖို့ ပါကစ္စတန်နိုင်ငံ အတွင်းက တစုံတရာ အထောက်အပံ့ ရကောင်း ရနေနိုင်တာမျိုး ဖြစ်နိုင်ချေရှိတယ်ဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမိမြေ လုံခြုံရေးဆိုင်ရာ လက်ထောက် ဂျွန် ဘရန်နန် (John Brennan) က သုံးသပ် ပြောဆိုပါတယ်။

အိုစမာ ဘင်လာဒင်ဟာ ဘယ်လို တရားဝင် အထောက်အပံ့တွေ ရနေသလဲ ဆိုတာကို ခန့်မှန်း ပြောဖို့တော့ သူ့အနေနဲ့ ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုနေရာမှာ ရေရှည်နေနိုင်ဖို့ အထောက်အပံ့မရှိဘဲ နေဖို့ ဆိုတာကတော့ သိပ်ပြီးတော့ ဖြစ်နိုင်ချေမရှိဘူး ဆိုတာမျိုး သူက အရိပ်အမြွက် ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ ပါကစ္စတန် အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကတော့ အိုစမာ ဘင်လာဒင် သေဆုံးသွားပြီ ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ ပိုပြီးလုံခြုံတဲ့၊ ပိုပြီးကောင်းမွန်တဲ့ နေရာတနေရာ ဖြစ်သွားပါပြီ ဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သတ်ဖြတ်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း အမေရိကန် ပြည်သူတွေနဲ့ ကမ္ဘာကို သူ ကြေညာချင်ပါတယ် ဆိုပြီး သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

ပါကစ္စတန်နိုင်ငံသူ နိုင်ငံသားတွေ အဖို့တော့ တနင်္လာနေ့မနက် အိပ်ယာကနိုးတယ် ဆိုရင်ပဲ ကမ္ဘာပေါ်က လူသိအများဆုံး အကြမ်းဖက် ခေါင်းဆောင်ဟာ သူတို့မြို့တော်နားက အိမ်ကြီးတလုံးမှာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတာပါ။ ဒီလိုသေဆုံးခဲ့တာကြောင့် အကြမ်းဖက်သမားတွေဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပိုပြီးတော့ ပေါ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဘင်လာဒင် သေဆုံးပြီးလို့ နာရီပိုင်း အတွင်းမှာပဲ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ပြင် ချာဇာဒါမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာမှာကို ပါကစ္စတန် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

ပါကစ္စတန် သမ္မတ အဇစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) ကတော့ အခုလို အိုစမာ ဘင်လာဒင် သေဆုံးသွားတဲ့အတွက် ကမ္ဘာတဝန်းမှာရှိတဲ့ အကြမ်းဖက်သမားတွေ အတွက် အဓိက ဆုတ်ယုတ်မှုကြီး ဖြစ်တယ် ဆိုတာကို ဝန်ခံ ပြောဆိုပါတယ်။ သူ့ကို သမ္မတ ဘရက်ခ် အိုဘားမားက တယ်လီဖုန်းဆက်ပြီး စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။ ဒီစစ်ဆင်ရေး မစခင်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ပါကစ္စတန်နိုင်ငံနဲ့ ကြိုတင် ညှိနှိုင်းတာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာ ဒေသတခု ဖြစ်နေပြီ ဆိုတာ သက်သေပြနေပြီ ဆိုတဲ့အကြောင်း၊ ဒီအပေါ်မှာ စိုးရိမ်တဲ့ အကြောင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလို အကြမ်းဖက်သမားတွေ ခိုလှုံရာနေရာ မဖြစ်အောင် ပါကစ္စတန်နိုင်ငံအပေါ် ဖိအားတွေပေးဖို့ တောင်းဆိုနေကြ ပါတယ်။

တချိန်တည်းမှာ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဟာ အာဖဂန်နိုင်ငံ အတွင်းက ပြည်သူတွေ အပေါ်မှာ ဦးတည်ထားရတာမျိုး မလုပ်သင့်တော့ဘဲ အဓိက သောင်းကျန်းသူတွေ၊ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေး၊ သင်တန်းတွေ ပေးနေတဲ့ ပါကစ္စတန် နိုင်ငံ ဘက်ကို အဓိက ဦးတည်ပြီး လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသွားပါတယ်။

XS
SM
MD
LG