သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် ဖမ်းနိုင်ဖို့ ပါကစ္စတန် ကူညီ


ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ။
ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ။

အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်တဲ့ စစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အကြောင်း ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ဆယ်စုနှစ် တခုကြာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ယဉ်ကျေးတဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု တရပ်လို့ ရည်ညွှန်းသုံးနှုန်းပြီး ဘင်လာဒင်ကို ရှင်းလင်းနိုင်တဲ့အထိ ဆောင်ရွက်နိုင်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။

ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန် လိုက်လံချေမှုန်းတာမျိုး မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေတာကိုတော့ သူ့တိုင်းပြည် ကိုယ်တိုင်ဟာလည်း အကြမ်းဖက်ဝါဒရဲ့ အကြီးမားဆုံး သားကောင် ဖြစ်နေရတဲ့အကြောင်း သမ္မတ ဇာဒါရီက ဝါရှင်တန်ပို့စ် သတင်းစာမှာ သဘောထားအမြင် ဆောင်းပါးတစောင် ရေးသား တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဘင်လာဒင်ကို ခြေရာခံနိုင်မယ့် လမ်းစတခုအဖြစ် အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုခဲ့တဲ့ အယ်လ်ခိုင်းဒါး အဆက်အသွယ် တယောက်ကို ထောက်လှမ်းရာမှာ အကူအညီ ပေးနိုင်ခဲ့တဲ့အတွက် ပါကစ္စတန်နိုင်ငံ အနေနဲ့ အားရ ကျေနပ်မိတယ်လို့လည်း သူက ပြောဆိုခဲ့တာပါ။

ဘင်လာဒင် သေဆုံးသွားတဲ့နောက် အပြစ်မဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသူတွေအပေါ် စစ်ပွဲ ဆင်နွှဲနေတာတွေ အောင်မြင်မှု ရပြီလို့ မဆိုနိုင်ပေမဲ့ ဒီလို အောင်ပွဲခံနိုင်မယ့် အခြေအနေတွေဟာ လက်တကမ်းမှာ ရှိနေပြီလို့လည်း ပါကစ္စတန် သမ္မတက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား တယောက်ကို ရှာဖွေတွေ့ရှိပြီး သုတ်သင်ခဲ့တဲ့ ပါကစ္စတန် နိုင်ငံမှာတော့ ဒီသတင်းကြောင့် လူထုတွေကြား အံ့အားသင့် တုန်လှုပ်ခဲ့ကြတာဖြစ်ပြီး အစိုးရကတော့ ချက်ချင်း တစုံတရာ မှတ်ချက်မပေးနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

XS
SM
MD
LG