သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် စုံစမ်းရေး နိုင်ငံတကာ ပျက်ကွက်မှုအဖြစ် ပါကစ္စတန် အပြစ်တင်


ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ။ မေ ၃၊ ၂၀၁၁။
ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ။ မေ ၃၊ ၂၀၁၁။

ပါကစ္စတန်စစ်တပ် အခြေစိုက်တဲ့မြို့မှာ အိုစမာ ဘင်လာဒင် (Osama bin Laden) နေထိုင်ခဲ့တဲ့အပေါ် ရှင်းလင်းချက်ပေးဖို့ နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဘင်လာဒင်ကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိတာဟာ ကမ္ဘာ့ထောက်လှမ်းရေး အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတဲ့ အကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးဘက်က ညံ့ဖျင်းမှု ရှိခဲ့တယ်ဆိုရင် အဲဒီညံ့ဖျင်းမှုဟာ တခြား ထောက်လှမ်းရေး အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာ ဖြစ်တဲ့အကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပဲရစ်စ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

အိုစမာ ဘင်လာဒင် နေထိုင်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့ကအိမ်ကို ဝင်စီးပြီး အမေရိကန် ရေတပ် အထူးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ တနင်္လာနေ့က သုတ်သင်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ တသန်း လောက် တန်ဖိုးရှိတဲ့ အိမ်ကြီးထဲမှာ ပါကစ္စတန် အာဏာပိုင်တွေရဲ့ အကူအညီနဲ့ သူ အဲဒီမှာနေတယ် ဆိုတာကို မသိဘဲ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် ဘင်လာဒင် ဒီလောက် နှစ်ကြာကြာ ဘာကြောင့် နေနိုင်သလဲ ဆိုတာကို အဖြေပေးဖို့ အမေရိကန် အရာရှိတွေက လိုလားနေကြတာပါ။

ဘင်လာဒင် နေထိုင်ခဲ့တဲ့အိမ်ဟာ ပါကစ္စတန်စစ်တပ်နဲ့ အရမ်းနီးလွန်းနေတာကြောင့် ဘင်လာဒင် အဲဒီမှာ နေတယ် ဆိုတာကို ပါကစ္စတန် ထောက်လှမ်းရေးက သိကိုသိရမယ်လို့ အာဖဂန်နစ္စတန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီအိမ်ကိုတော့ ပါကစ္စတန် ရဲနဲ့ စစ်သားတွေက ဗုဒ္ဓဟူးနေ့အထိ ဝိုင်းရံထားကြတုန်း ဖြစ်ပါတယ်။

ဘင်လာဒင်ကို အကာအကွယ် ပေးခဲ့တယ် ဆိုတာကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG