အိုစမာ ဘင်လာဒင် (Osama Bin Laden) ဘယ်မှာ ပုန်းအောင်းနေတယ် ဆိုတာ ပါကစ္စတန် အကြီးတန်း ခေါင်းဆောင်တွေ သိတယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန်မှာ ရှိတဲ့သူ တယောက်ယောက်ကတော့ ကမ္ဘာမှာ အလိုအရှိဆုံး အကြမ်းဖက်သမား ဘယ်မှာပုန်းနေခဲ့တယ် ဆိုတာ သိထားခဲ့တယ်လို့ သူ ယုံကြည်ကြောင်း ပြောပါတယ်။
ပါကစ္စတန် အကြီးတန်း တာဝန်ရှိသူတွေ မသိဘူးဆိုတဲ့ အထောက်အထား တချို့ကို သူတွေ့ခဲ့တယ်လို့ ပန်တဂွန် စစ်ဌာနချုပ်မှာ မစ္စတာဂိတ်တ်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန် အထူးတပ်ဖွဲ့တွေက အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့ တည်ထောင်သူကို သုတ်သင်ဖို့ ပါကစ္စတန်ပိုင်နက် နယ်မြေထဲဝင်ပြီး လျှို့ဝှက်စွာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာကို နားလည် သဘောပေါက်တာနဲ့အတူ အရှက်ကွဲရတာဟာ လုံလောက်တဲ့ ထိခိုက်နစ်နာမှု ဖြစ်ပြီးရပါပြီလို့ သူက ပြောပါတယ်။
ပါကစ္စတန်ရဲ့ စစ်တပ်မြို့ဖြစ်တဲ့ အဘော့တာဘတ် (Abbottabad) မှာ ဘင်လာဒင်ကို ရှာတွေ့ခဲ့တာကြောင့် ပါကစ္စတန်စစ်ဘက် ဒါမှမဟုတ် ထောက်လှမ်းရေးထဲက သူ့လူတွေက ဖွက်ထားပေးတာလား ဆိုတဲ့ မေးခွန်းတွေ ထွက်ခဲ့ပါတယ်။
ပါကစ္စတန်ကို လုံခြုံရေးဆိုင်ရာ အကူအညီတွေ နောက်ထပ် မပေးခင်မှာ အကြမ်းဖက် အုပ်စုတွေကို နှိမ်နင်းတိုက်ခိုက်ဖို့ ပါကစ္စတန်မှာ သန္နိဋ္ဌာန် အခိုင်အမာ ရှိရဲ့လားဆိုတာ ဆန်းစစ်ဖို့ အမေရိကန် လွှတ်တော်အမတ် တချို့က သမ္မတ အိုဘားမား (Barack Obama) အစိုးရကို တောင်းဆိုထားပါတယ်။