သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် စစ်ဆင်ရေး အမေရိကန် ထုတ်ပြန်


အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးအား အိမ်ဖြူတော်မှ ကြည့်ရှုနေသည့် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများ။ မေ ၁၊ ၂၀၁၁။
အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးအား အိမ်ဖြူတော်မှ ကြည့်ရှုနေသည့် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများ။ မေ ၁၊ ၂၀၁၁။

အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို မဆောင်ရွက်ခင်မှာ နည်းလမ်းအများအပြားကို ရှာဖွေဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဖိအားပေးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ကြားမှာတော့ ဘယ်နည်းလမ်းကို သုံးသင့်သလဲ ဆိုတဲ့အပေါ် ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အယ်လ်ခိုင်းဒါး (al-Qaida) အဖွဲ့ခေါင်းဆောင် ပုန်းအောင်းနေရာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့ မြောက်ဘက်က နေအိမ်ခြံဝန်းကို ဗုံးကြဲတိုက်ခိုက်ဖို့ အစီအစဉ်ကိုတော့ သမ္မတက လက်မခံခဲ့ပါဘူး။ ဒီအစီအစဉ်ဟာ အမေရိကန် စစ်သည်တွေအတွက် ပိုပြီး ဘေးအန္တရာယ် ကင်းနိုင်ပေမဲ့ ဘင်လာဒင် အဲဒီမှာ ရှိနေသလား၊ တကယ်ပဲ သေဆုံးခဲ့သလား ဆိုတာကို အတည်ပြုဖို့ ခက်ခဲလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီခြံဝန်းထဲမှာ ဘင်လာဒင် အမှန်တကယ် ရှိနေတယ် ဆိုတာကို အခိုင်အမာ ပြောနိုင်တဲ့ ထောက်လှမ်းရေး သတင်းတွေ ပိုပြီးရအောင် စောင့်ကြည့်တာတွေ လုပ်သွားဖို့ အတွက်ကိုလည်း အမေရိကန် သမ္မတက စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ဒီနောက်မှာတော့ သောကြာနေ့ မနက်ပိုင်းမှာ သမ္မတက စစ်ဆင်ရေးကို ဆက်လုပ်ဖို့ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

မနေ့တုန်းက သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲဖြစ်တဲ့ ဂျွန် ဘရန်နန် (John Brennan) က အမေရိကန် အထူးတပ်ဖွဲ့တွေရဲ့ လေကြောင်းအကူနဲ့ ရှုပ်ထွေးသိမ်မွေ့လှတဲ့ စီးနင်းတိုက်ခိုက်မှု အသေးစိတ်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒေသစံတော်ချိန် တနင်္လာနေ့မနက် အစောပိုင်းမှာ Navy SEALs အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက အက်ဘော့တာဘက် (Abbottabad) မြို့မှာရှိတဲ့ ခြံဝန်းထဲကို ရဟတ်ယာဉ်တွေပေါ်ကနေ ကြိုးနဲ့ တွယ်ဆင်းခဲ့ကြပြီး နေအိမ် အဆောက်အဦးထဲ ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက် အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဘင်လာဒင်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။

ဘင်လာဒင်ကို အရှင်ဖမ်းဆီးဖို့ အစီအစဉ် ရှိခဲ့တယ်လို့လည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

သမ္မတ အိုဘားမား အပါအဝင် အိမ်ဖြူတော်ကနေ စောင့်ကြည့်နေကြတဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေအဖို့ မိနစ် ၄၀ ကြာ စစ်ဆင်ရေးဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG