အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ပါကစ္စတန် နိုင်ငံထဲကို ဝင်ရောက်ပြီး အယ်လ်ခိုင်းဒါး အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘင်လာဒင် သေဆုံးတဲ့ ဓာတ်ပုံတွေကို လူအများသိအောင် မထုတ်ပြန်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆုံးဖြတ်ခဲ့ပါတယ်။
ဘယ်လိုဓာတ်ပုံတွေကိုမှ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ဆုံးဖြတ်ခဲ့တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီ (Jay Carney) က မနေ့က ပြောခဲ့တာပါ။
ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ရင် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ် ရှိလာနိုင်ပြီး အကြမ်းဖက်မှုတွေလည်း ပေါ်လာနိုင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
CBS ရုပ်မြင်သံကြားက သမ္မတ အိုဘားမားနဲ့ မနေ့က အမေးအဖြေ လုပ်တဲ့အခါမှာ ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောခဲ့တာပါ။
ဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ သုတ်သင်နိုင်ခဲ့တယ်ဆိုတာ ဘာသံသယမှ ဖြစ်စရာ မရှိပါဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အနောက်ကနေ စီစဉ်ခဲ့တဲ့လူ သေဆုံးခဲ့တာဟာ ဖြစ်သင့်တဲ့ ကိစ္စပဲလို့လည်း ဆိုပါတယ်။
သမ္မတ အိုဘားမားနဲ့ အနီးကပ်ဆုံး အကြံပေးပုဂ္ဂိုလ်တွေထဲက အများစုကလည်း ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေကို လုံခြုံရေး အခြေအနေအရ ခွင့်ပြုချက်ရတဲ့ သူတွေကိုပဲ ပြသဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီက ဆိုပါတယ်။
ဓာတ်ပုံတွေကို မထုတ်ပြန်ဘူးလို့ ဆုံးဖြတ်တဲ့ကိစ္စ အငြင်းအခုန် ဖြစ်လာနိုင်တယ် ဆိုပေမဲ့လည်း ဘင်လာဒင် သေဆုံးမှု ရုပ်ပုံ အထောက်အထားတွေကို ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘင်လာဒင်ကို ဝင်ရောက်စီးနင်းခဲ့တဲ့ ကိစ္စဟာ တရားဥပဒေနဲ့ ညီညွတ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ပြောထားတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အကြိမ်ကြိမ် ပြောပါတယ်။
ဘင်လာဒင်က လက်နက်ချ အညံ့ခံရင်တောင် အမေရိကန် တပ်ဖွဲ့တွေက ကမ္ဘာမှာ အလိုရှိဆုံး အကြမ်းဖက်သမားကို အပြစ်ပေး ထောင်ချဖို့ ဖမ်းဆီးကြမှာပဲလို့ ဆိုပါတယ်။ ဘင်လာဒင်ကို သုတ်သင်တာဟာ အမေရိကန် အမျိုးသား လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ ဖြစ်တယ်လို့လည်း အမေရိကန် ရှေ့နေချုပ်က ပြောပါတယ်။