သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် ဗွီဒီယိုမှတ်တမ်းများ အများပြည်သူသို့ ထုတ်ပြန်


ဘင်လာဒင် ဗွီဒီယိုမှတ်တမ်းများ အများပြည်သူသို့ ထုတ်ပြန်
ဘင်လာဒင် ဗွီဒီယိုမှတ်တမ်းများ အများပြည်သူသို့ ထုတ်ပြန်

အိုစမာ ဘင်လာဒင် (Osama Bin Laden) နေထိုင်ရာ အိမ်ဝင်းကို အမေရိကန် အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းခဲ့တဲ့ ဗွီဒီယို အခွေတွေထဲက တချို့ကို အမေရိကန် ပြည်ထောင်စုက ထုတ်လွှင့် ပြသလိုက်ပါတယ်။

အဲဒီထဲမှာ အိုစမာ ဘင်လာဒင်က ကမ္ဘာတဝန်း ထုတ်လွှင့်မယ့် သူမိန့်ခွန်းပြောနေတဲ့ ဗွီဒီယိုတွေ၊ မိန့်ခွန်းပြောဖို့ အစမ်းလေ့ကျင့်နေတဲ့ ဗွီဒီယိုတွေကို သူကိုယ်တိုင် ထိုင်ကြည့်နေတာ တွေ့ကြရပါတယ်။

အမေရိကန်ရေတပ် အထူးတပ်ဖွဲ့က ပြီးခဲ့တဲ့ တနင်္လာနေ့ အရုဏ်မတက်မီမှာ အဘော့တာဘက် (Abbottabad) ပါကစ္စတန် တပ်မြို့ရှိ အိုစမာ ဘင်လာဒင်ရဲ့ နေအိမ်ဝင်းကို ဝင်စီးခဲ့ကြပြီး ပြန်လည်မဆုတ်ခွာမီ အိမ်ထဲက ရနိုင်သမျှ သတင်းအချက်အလက်တွေ သိမ်းယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတခါရရှိတဲ့ အယ်လ်ခိုင်းဒါး (Al Qaida) အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ အစုံလင်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ ဗွီဒီယိုအခွေတွေ၊ ကွန်ပြူတာ Hard drvie တွေနဲ့ တခြား ပစ္စည်းကိရိယာတွေကို ကြည့်ရတာနဲ့ အိုစမာ ဘင်လာဒင်ဟာ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ရုပ်ပြသက်သက်ခေါင်းဆောင် မဟုတ်ဘဲ နေ့စဉ် အယ်လ်ခိုင်းဒါး အကြမ်းဖက် စစ်ဆင်ရေးတွေကို တက်တက်ကြွကြွ ကိုယ်တိုင်ပါဝင် စီစဉ်ပေးနေသူဆိုတာ ထင်ထင်ရှားရှား တွေ့ရတယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

အိုစမာ ဘင်လာဒင်ကို ကြည့်ရတာ သူ့အနေနဲ့ ကမ္ဘာကို ဘယ်လိုပုံစံနဲ့ တင်ပြရင် ကောင်းမလဲ ဆိုတာကို အထူးစိတ်ပူနေပုံ ရတယ်လို့ ဆိုပါတယ်။

သူ ကြမ်းပြင်မှာ စောင်ခြုံထိုင်ပြီး ရုပ်မြင်သံကြား ကြည့်ရာမှာ Remote Control နဲ့ Channel လိုင်းတွေ တခုပြီးတခုပြောင်း၊ နောက်ဆုံး သူ့အကြောင်း သတင်းပြနေတာကို ရှာတွေ့ပြီး သေသေချာချာ ကြည့်နေတာ တွေ့ရပါတယ်။

အဲဒီဗွီဒီယိုမှာ မုတ်ဆိတ်မွေးတွေ ဖြူပြီး ရှုပ်ထွေးနေတာ တွေ့ရပေမဲ့ နောက်တခွေမှာတော့ မုတ်ဆိတ်ကို အနက်ရောင်ဆိုး၊ သပ်သပ်ယပ်ယပ် ဝတ်ဆင်ထားတာ တွေ့ရပြီး အမေရိကန် ပြည်သူတွေအတွက် အမှာစကားဆိုတဲ့ ဝါဒဖြန့် ဗွီဒီယို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလ အတွင်းမှာ ရိုက်ကူးထားပုံ ရတယ်လို့ ဆိုပါတယ်။

အယ်လ်ခိုင်းဒါးတွေ နောက်ထပ် တိုက်ခိုက်မယ့် အစီအစဉ်တွေ၊ သူတို့ရဲ့ တခြားခေါင်းဆောင်တွေ ဘယ်မှာရှိနေသလဲ ဆိုတဲ့ အရေးကြီးတဲ့ သတင်းတွေကို အခုသိမ်းလာတဲ့ ပစ္စည်းတွေကနေ သိရှိရကြောင်း၊ အမေရိကန်ပြည်သူတွေ ယုံကြည်အားထားကြတဲ့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေးနဲ့ အမေရိကန် စစ်တပ်ရဲ့ အထစ်အငေါ့မရှိ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်လို့ CIA ညွှန်ကြားရေးမှူး လီယွန် ပန်နက်တာ (Leon Panetta) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG