သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီရုံးအနီး ဗုံးကွဲ


တရုတ်နိုင်ငံ မြောက်ပိုင်းက ကွန်မြူနစ်ပါတီ ရုံးတရုံးရဲ့ ပြင်ပမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ဒီကနေ့ အစောပိုင်းမှာပဲ Taiyuan မြို့က ကွန်မြူနစ်ပါတီရဲ့ Shanxi ပြည်နယ် ကော်မတီရုံး အပြင်မှာ လက်လုပ်ဗုံးတွေ ဖြစ်ပုံရတဲ့ ဗုံးတွေကြောင့် အသေးစား ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့လည်း အစိုးရပိုင် Xinhua သတင်းက ဖော်ပြခဲ့တာပါ။

လမ်းသွားလမ်းလာတွေကို အပြင်းအထန် ထိခိုက်စေတတ်တဲ့ ဘောစေ့တွေ၊ အိမ်ရိုက်သံတွေကို အခင်းဖြစ်ပွားတဲ့ နေရာမှာ တွေ့ရတဲ့အတွက်လည်း အိမ်တွင်းဖြစ် ဗုံးတွေ ဖြစ်နိုင်တယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြခဲ့တာ ဖြစ် ပါတယ်။ မျက်မြင်တွေ့သူ တယောက်ကတော့ မီးပွိုင့်မှာ လမ်းကူးဖို့ စောင့်နေချိန် ကွန်မြူနစ်ပါတီရုံးရှေ့က မီနီဗင်ကား ပေါက်ကွဲတာကို တွေ့ခဲ့ရတဲ့ အကြောင်း ပြောဆိုခဲ့သလို၊ တချို့ကတော့ ပေါက်ကွဲသံ ၇ ကြိမ်လောက် ကြားခဲ့ရတဲ့အကြောင်း ပြောခဲ့ကြတာပါ။

တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မှန်တွေကွဲကျေကုန်တာမျိုးလို အနည်းအကျဉ်း ထိခိုက်ပျက်စီးခဲ့တဲ့ ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ အစိုးရက မူဆလင် ခွဲထွက်ရေးသမားတွေ လက်ချက်လို့ အပြစ်ဖို့ခဲ့တဲ့ ဘေဂျင်းမြို့က နာမည်ကျော် Tiananmen ရင်ပြင်မှာ ကားတစင်းနဲ့ လူအုပ်ထဲကို ဝင်တိုက်ပြီး ဖောက်ခွဲခဲ့တဲ့ တိုက်ခိုက်မှု ကြုံခဲ့ရအပြီး သီတင်းတပတ်လောက် အကြာမှာပဲ အခုနောက်ထပ် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်ရပ် ၂ ခု ဆက်နွယ်မှု ရှိမရှိဆိုတဲ့အပေါ်မှာတော့ ရဲတပ်ဖွဲ့က အတိအကျ မပြောနိုင်သေးတဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ဒီကနေ့ပဲ ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG