သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ဗုံးခွဲမှု သေဆုံးသူ ၉၅ ဦးရှိပြီ


ဗုံးပေါက်ကွဲပြီးသေဆုံးသူရဲ့ အလောင်းဘေးမှာ ငိုနေသူ အမျိုးသားတဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)
ဗုံးပေါက်ကွဲပြီးသေဆုံးသူရဲ့ အလောင်းဘေးမှာ ငိုနေသူ အမျိုးသားတဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)

တူရကီနိုင်ငံ မြို့တော် အန်ကာရာက ငြိမ်းချမ်းစွာဆန္ဒပြပွဲမှာ ဗုံးပေါက်ကွဲမှုနှစ်ခုကြောင့် သေဆုံးရသူပေါင်း ၉၅ ယောက်အထိ ရှိသွားပြီဖြစ်ပြီး ဒဏ်ရာ ရသူက ၂၀၀ လောက်ရှိတယ်လို့ တူရကီအစိုးရက စနေနေ့ ညပိုင်းမှာ ပြောပါတယ်။

ဒဏ်ရာပြင်းထန်သူ အများအပြား ရှိနေတာကြောင့် လာမယ့်ရက်တွေအတွင်းမှာပဲ သေဆုံးသူအရေအတွက် အခုထက်ပိုများလာဖို့ ရှိတယ်လို့လည်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

မြို့တော်အန်ကာရာရဲ့ Ulus အရပ်က ရထားဘူတာရုံရဲ့ ပင်မဂိတ်နားမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ အလုပ်သမားအဖွဲ့တွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက စီစဉ်တဲ့ လူထုစုဝေးမှုကြီးမှာ ပါဝင်ကြမယ့်သူတွေ အများအပြား သေဆုံးစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။

ဗုံးပေါက်ကွဲတဲ့ နေရာမှာ ကာ့ဒ်ပြည်သူ့ ဒီမိုကရက်တစ်ပါတီကို ထောက်ခံတဲ့ အဝါရောင်အလံတွေ၊အဝတ်အပိုင်းအစတွေနဲ့အတူ အလောင်းတွေ ပြန့်ကျဲနေတာ ဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ IS စစ်သွေးကြွ ဒါမှမဟုတ်၊ တရားမဝင် PKK ပါတီကို ဆန့်ကျင်တဲ့ တူရကီ အမျိုးသားရေး ဝါဒီတွေရှိနိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကို ခုထိ မသိရသေးပါဘူး။

တူရကီ သမ္မတ Recep Tayyip Erdogen ကတော့ ဒီတိုက်ခိုက်မှုဟာ တူရကီနိုင်ငံရဲ့ ညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးအပေါ်တိုက်ခိုက်တဲ့ အလွန် စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ် လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ဒါ့အပြင် နိုင်ငံ့လုံခြုံရေးကိစ္စတွေကို လုပ်ဆောင်ဖို့အတွက် လာမယ့် ၃ ရက်အတွင်း စီစဉ်ထားတဲ့ တခြားအလုပ်ကိစ္စတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

တူရကီဝန်ကြီးချုပ်ကတော့ အကြမ်းဖက်မှုကိုတိုက်ဖျက်ဖို့ ပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့နဲ့နိုင်ငံမှာ ဝမ်းနည်းအောက်မေ့ဖွယ်အဖြစ် ၃ ရက်ကြာ ကျင်းပဖို့ ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကိုအသေခံ ဗုံးခွဲသမားနှစ်ယောက်က လုပ်ဆောင်ခဲ့တဲ့လက္ခဏာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG