သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အပေါ်ယုံကြည်မှုရှိဖို့ Blatter တိုက်တွန်း


ငါးကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရသူ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ Sepp Blatter
ငါးကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရသူ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ Sepp Blatter

FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အပေါ် ယုံကြည်မှု အခိုင်အမာထားကြဖ့ို FIFA ဥက္ကဋ္ဌရာထူး ထပ်မံအရွေးခံရတဲ့ Sepp Blatter က ဘောလုံး ပရိသတ်တွေကို
တိုက်တွန်းလိုက်ပါတယ်။ FIFA ထိပ်တန်းအကြီးအကဲတွေအပါအဝင် တာဝန်ရှိသူ ၁၄ ယောက်အပေါ် အမေရိကန်အစိုးရက အဂတိလိုက်စားမှုတွေနဲ့ တရားစွဲထားသလို Switzerland နိုင်ငံကလည်း အကြီးအကဲ ၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ
လုပ်နေချိန်မှာ ဥက္ကဋ္ဌ Sepp Blatter က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ FIFA အပေါ် ယုံကြည်ဖို့ခက်မယ်ဆိုတာ နားလည်ပေမယ့် ဘောလုံးပရိသတ်တွေရဲ့ ယုံကြည်မှုပြန်လည်ရလာအောင်နဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ပြန်လည်ရရှိလာအောင် သူ့အနေနဲ့ ကြိုးစားသွားမယ်လို့ Seep Blatter က FIFA ရုပ်သံနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်လို့ သူ့နာမည်မပါသလို သူ့အတွက် စိုးရိမ်မှုမရှိပါဘူးလို့ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း သူက ပြောသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရုရှား၊ ၂၀၂၂ ခုနှစ်မှာ ကာတာနိုင်ငံတို့မှာ ကျင်းပဖို့ရှိတဲ့ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံတွေကို FIFA ကအပြောင်းအလဲ လုပ်မှာမဟုတ်ဘူးလို့လည်း Mr. Blatter ကပြောပါတယ်။

FIFA ဒုဥက္ကဋ္ဌအပါအဝင် ထိပ်တန်းအကြီးအကဲတွေ အကြီးအကျယ် လာဘ်စားတယ်ဆိုတဲ့ စွဲချက်တွေကြောင့် Sepp Blatter ရာထူးကနေ ဆင်းပေးဖို့
ဖိအားတွေရှိနေချိန်မှာပဲ FIFA ညီလာခံအတွင်း သောကြာနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ၅ ကြိမ်မြောက် FIFA ဥက္ကဋ္ဌရာထူးကို သူပြန်လည်
ရရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ စနေနေ့မှာ FIFA အမှုဆောင်ကော်မတီနဲ့ အစည်းအဝေးကို ဦးဆောင်ကျင်းပမယ့် Sepp Blatter က ပြန်လည် အရွေးခံရတဲ့အတွက် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ရှိပါတယ်လို့ FIFA ရုပ်သံနဲ့ မေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။

Switzerland နိုင်ငံ Zurich မြို့မှာ လုပ်ခဲ့တဲ့ FIFA ဥက္ကဋ္ဌရွေးကောက်ပွဲ ပထမအကြော့မှာ အသက် ၇၉ နှစ်အရွယ် FIFA ဥက္ကဋ္ဌက ထောက်ခံမဲ ၁၃၃ မဲ ရရှိခဲ့တာပါ၊ သူနဲ့ ပြိုင်ဘက် ဂျော်ဒန်မင်းသား Ali bin al-Hussein က ထောက်ခံမဲ ၇၃ မဲသာ ရရှိခဲ့တဲ့အတွက် ဒုတိယအကြော့ ရွေးကောက်စရာမလိုဘဲ Blatter အနိုင်ရသွားခဲ့တာပါ။

ဒါပေမဲ့ မင်းသား Ali bin al-Hussein ကိုထောက်ခံတဲ့ UEFA ဥက္ကဋ္ဌ Michel Platini အပါအဝင် UEFA အဖွဲ့ဝင်အားလုံးနီးပါးက FIFA ဥက္ကဋ္ဌရာထူးကို ရထားတာ ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ Sepp Blatter အနေနဲ့ ရာထူးကနေ ဆင်းပေးသင့်ပြီလို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။

XS
SM
MD
LG