သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံရောက်


တရုတ်နိုင်ငံရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဧပြီ ၂၄၊ ၂၀၂၄)
တရုတ်နိုင်ငံရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဧပြီ ၂၄၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ဒီနေ့ညနေပိုင်းမှာ ရောက်ရှိသွားပြီး တရုတ်ခေါင်းဆောင်တွေနဲ့ မနက်ဖြန်တွေ့ဆုံဖို့ ရှိပါတယ်။ ဒီနေ့အစောပိုင်းကတော့ ဘဏ္ဍာရေးအရအချက်အခြာကျတဲ့ ရှန်ဟိုင်းမြို့မှာ ဒေသအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Chen Jiang (ချန်ကျန်း) နဲ့တွေ့ဆုံစဉ် ၂ နိုင်ငံကြား ပူးပေါင်းဆက်ဆံရေးဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

"အမေရိကန်နဲ့ တရုတ်ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တာဝန်သိသိဆက်ဆံရေးထားရှိဖို့ ဝတ္တရားရှိကြောင်းနဲ့ ဒီတာဝန် ဝတ္တရားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို အလေးအနက်ထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ပြောကြားခဲ့တာဖြစ်ပါတယ်။

၂ နိုင်ငံကြား ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ထားနိုင်ရေးနဲ့ သဘောထားအမြင် မတူတာတွေကို တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားနိုင်စေဖို့ဆိုတဲ့ လမ်းကြောင်းကို အမေရိကန်သမ္မတ Biden ရော တရုတ်သမ္မတ Xi ပါသွားနေတာြဖစ်ပါတယ်လို့ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Chen Jiang နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား မျှတတဲ့ စီးပွားပြိုင်ဆိုင်မှုမျိုးလိုလားသလို တရုတ်နိုင်ငံထဲက အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တရုတ်လုပ်ငန်းတွေနဲ့ မျှမျှတတ ပြိုင်ဆိုင်နိုင်တဲ့ အခြေအနေရရှိဖို့ အရေးကြီးကြောင်း ဝန်ကြီး Blinken က ဆွေးနွေပွဲအတွင်း အလေးထား ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဌာပြောခွင့်ရ Matthew Miller ကသတင်းထောက်တွေကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲ မတိုင်ခင် မနက်ပိုင်းက ရှန်ဟိုင်းမှာဖွင့်ထားတဲ့ New York တက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ အမေရိကန်နဲ့ တရုတ်ကျောင်းသားတွေနဲ့လည်း ဝန်ကြီး Blinken တွေ့ဆုံ ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ မနက်ဖြန်ကျရင်တော့ ဝန်ကြီး Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တွေ့ဆုံဖို့ ရှိသလို သမ္မတ Xi Jinping နဲ့လည်း သောကြာနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံရောက်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG