သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသအရေး ဂျော်ဒန်ဘုရင်နဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး


Jordan's King Abdullah II and Crown Prince Hussein meet with U.S. Secretary of State Antony Blinken in Amman
Jordan's King Abdullah II and Crown Prince Hussein meet with U.S. Secretary of State Antony Blinken in Amman

အရှေ့အလယ်ပိုင်းဒေသအရေး ဆွေးနွေးဖို့ ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဂျော်ဒန်နိုင်ငံကို ရောက်ရှိနေပြီး ဂျော်ဒန်ဘုရင် ဒုတိယမြောက် Abdullah နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့နဲ့ တွေ့ဆုံပါတယ်။

ဂါဇာဒေသကို ကုန်တင်ကားတွေနဲ့ အကူအညီတွေ ပေးပို့နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရုံးကိုလည်း သွားရောက်ခဲ့တာပါ။ အစ္စရေးနဲ့ ဟာမတ်စ် တိုက်ပွဲတွေကြောင့် ဒေသတွင်း ရိုက်ခတ်မှုတွေ ကြုံနေရတဲ့ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်မှာ ဝန်ကြီးဘလင်ကန် အခုနောက်ဆုံး ဂျော်ဒန်နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။

ဂျော်ဒန်နဲ့ တခြားအာရပ်နိုင်ငံတွေကတော့ အောက်တိုဘာလကစ ပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုထားပေမဲ့ အစ္စရေးကတော့ လက်မခံပါဘူး။ ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အပြင်းအထန် ဝေဖန်နေတဲ့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ လည်း ဝန်ကြီးဘလင်ကန် မနေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဂါဇာဒေသ ပဋိပက္ခကို လျှော့ချနိုင်အောင်နဲ့ ကျယ်ပြန့်မလာအောင် အရှေ့အလယ်ပိုင်း ဒေသက အဓိကကျတဲ့ နိုင်ငံတွေရဲ့ သြဇာအရှိန်အဝါကို အသုံးချနိုင်ဖို့ တူရကီသမ္မတက ပြင်ဆင်နေတယ်လို့လည်း ဝန်ကြီးဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG