သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အမေရိကန် ဆက်လက် ကူညီမည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ဒုဝန်ကြီး တွေ့ဆုံ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ဒုဝန်ကြီး တွေ့ဆုံ။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပါအဝင် နောက်ပိုင်း ကာလတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဖက်နိုင်ငံ အဖြစ် ဆက်ပြီး ကူညီပံပိုးသွားမှာဖြစ်တယ်လို့ မေလ ၂၁ရက်နေ့ က နေပြည်တော် ကိုရောက်ရှိလာတဲ့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ရင်ဆိုင်နေရတဲ့ လှေစီးပြေး ဒုက္ခသည်ပြသနာနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အထူးစိုးရိမ်မကင်းဖြစ်မှု ကို လည်း မြန်မာခေါင်းဆောင်တွေ နဲ့တွေ့ဆုံရာမှာ Mr. Blinken က အလေးပေးပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ
သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

သူရဦးရွှေမန်းနဲ့တွေ့ဆုံ။
သူရဦးရွှေမန်းနဲ့တွေ့ဆုံ။

ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ မေလ ၂၁ရက်နေ့ ကကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာန ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf ကအခုလိုပြောသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ပံပိုးကူညီမှုတွေ ဆက်ပြီးရှိနေတယ်ဆိုတာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး အမေရိကန် အနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်နေကြောင်း လည်း ပြောခဲ့ တာပါ။ ရွှေ့ပြောင်း အခြေချသူတွေ အဓိက ရင်ဆိုင်ရတဲ့ ပြသနာတွေ ကို မြန်မာ အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ လိုအပ်နေတယ်ဆိုတာအပါအဝင် လူမျိုးရေး၊ ဘာသာရေးခွဲခြား ဆက်ဆံဖို့ တွန်းအားပေးခံနေရတာ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ဟာ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့တွေ့ကြုံနေရတာတွေ စတာတွေကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။"

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့နေပြည်တော်မှာ သီးခြားတွေ့ဆုံရာ မှာလည်း ရွေးကောက်ပွဲနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေ ကိုဆွေးနွေးပြောဆိုခဲ့တယ်လို့ Marie Harf ကဆိုပါတယ်။

"အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးလုံး ရဲ့ဆွေးနွေးမှုတွေဟာ အကျိုးရှိခဲ့ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မှာ အရေးပါမယ့် ယုံကြည်စိတ်ချရမှု၊ အားလုံးပါဝင်နိုင်မှု၊ ထင်သာမြင်သာရှိမှု စတာတွေအပြင် ရခိုင်ပြည်နယ်က အခြေအနေတွေကိုလည်းပြောဆိုခဲ့ကြပါတယ်။"

အရှေ့တောင်အာရှဒေသ ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ လှေစီးပြေးဒုက္ခသည် ရိုဟင်ဂျာတွေကို အကူအညီပေးနိုင်ရေး UNHCR ရဲ့ကြိုးပမ်းမှုတွေ မှာ ရှေ့တန်း ကနေ ပါဝင်နိုင်အောင် အမေရိကန်အနေနဲ့ပြင်ဆင်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf ကအခုလိုပြောသွားပါတယ်။

"ရိုဟင်ဂျာဦးရေ ၁, ၀၀၀ ကျော်လောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင် ခဲ့ပြီးပါပြီ။ ဒါအပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စီစဉ်နေတဲ့ကြိုးပမ်းမှုတွေမှာ အမေရိကန်အနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကနေပါဝင်နိုင်ဖို့ ကျမတို့ ပြင်ဆင်ထားပြီပါပြီ။ နိုင်ငံပေါင်းစုံ ပါဝင်ဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်။ လှေစီးပြေးဒုက္ခသည်အားလုံးကို အမေရိကန် တနိုင်ငံတည်းကပဲခေါ်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာကတော့ အထင်အရှားပါပဲ။ ဒါပေမဲ့ လက်ရှိ လှေစီးပြေးဒုက္ခသည်တွေအရေး ကူညီဖို့ကြိုးပမ်းဆောင်ရွက်မှုတွေမှာတော့ ထိပ်ဆုံးကနေ ပါဝင်အောင် အမေရိကန်အစိုးရကပြင်ဆင်ထားပါတယ်။"

ဒီအတောအတွင်းမှာပဲ အမေရိကန်ပါတီကြီးနှစ်ခုစလုံးက လွှတ်တော်အမတ် ၂၃ ဦးကလည်း ထောင်နဲ့ချီတဲ့ လှေစီးပြေးဒုက္ခသည် ရိုဟင်ဂျာတွေအတွက် အရှေ့တောင်အာရှပင်လယ်ပြင်ဟာ သုသန်သင်္ချင်းအခြေအနေမျိုးမရောက်အောင် သမ္မတ အိုဘာမား အစိုးရအနေနဲ့ ကာကွယ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒုနိုင်ငံခြားရေးဝန်ကြီး Blinken မြန်မာနိုင်ငံမရောက်ခင် တရက်အလိုမှာအခုလို တိုက်တွန်း လိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဆီ လိပ်မူပြီး အိတ်ဖွင့်ပေး စာပေးပို့ထားတဲ့ လွှတ်တော်အမတ်တွေ လက်မှတ်ရေးထိုး ထားတဲ့စာမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ကယ်ဆယ်ရှာဖွေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့တောင်းဆိုထားပါတယ်။

အလားတူ ဥရောပသမဂ္ဂ လွှတ်တော် အမတ်တွေကလည်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆို လိုက်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ မူဆလင် လူနည်းစု ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ အရေးယူ စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရကို ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG