သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၁၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ပြန်ပို့


ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုစခန်းမှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေးဒုက္ခသည် ၁၅၀ ကျော်ကို ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေကနေ တတိယအကြိမ် လွှဲပြောင်းယူခဲ့ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အလံတင် အခမ်းအနားအပြီးမှာ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ လှေစီးပြေးဒုက္ခသည်တွေ ကိုလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကနေ ညှိနှိုင်းပြီးမှ ထပ်မံလွှဲပြောင်းဖို့ အစီအစဉ်ရှိတယ်လို့လည်း မြန်မာ အာဏာပိုင်တွေဘက်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်လာပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ထိန်းသိမ်းခြင်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးပြေးဒုက္ခသည် ၁၅၀ ကျော်ကို သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ မြန်မာအာဏာပိုင်တွေကနေ ဘင်္ဂလားဒေ့နိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လှေစီးပြေးဒုက္ခသည် ၁၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ မနေ့တုန်းက ၁၀ ရက်နေ့မှာ တောင်ပြိုလက်ဝဲမှာ ၃၇ မိုင် စခန်းမှာပဲ ကျနော်တို့ ၂ နိုင်ငံ နယ်ခြားမှာရှိတဲ့ တံတားမှာပဲ ကျနော်တို့ဆီကနေပြီးမှ ၁၁ နာရီမှာ ၂ နိုင်ငံ အလံတင် အခမ်းအနား လုပ်ပါတယ်။ ၁၁ နာရီမှာ လုပ်ပြီးတော့မှ ၁ နာရီမှာ လက်မှတ်ရေးထိုးပြီးတော့မှ ၂ နာရီမှာ အပြီးလွဲှပြီးသွားပါတယ်။ ကျနော်တို့ ၁၅၉ ဦးပါ၊ စုစုပေါင်း။”

ဒီလှေစီးပြေးဒုက္ခသည် လွှဲပြောင်းရေးအခမ်းအနားကို နှစ်နိုင်ငံအလံတင်အခမ်းအနားအပြီး တောင်ပြိုလက်ဝဲစခန်း မှတ်တိုင် ၃၇ အနီးနယ်စပ်စခန်းမှာ လွှဲအပ်တာဖြစ်ပြီး နောက်ထပ်လွှဲပေးဖို့ ၂၃၀ ကျော် ကျန်ရှိနေသေးတယ်လိုလည်း ရခိုင်ပြည်နယ် လဝက ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။ ကျန်ရှိနေသေးတဲ့ ဒုက္ခသည်ကို ပြန်လွှဲပေးနိုင်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားရမယ်လို့လည်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အမြန်ဆုံးလွဲှပြောင်း လက်ခံဖို့အတွက် ကျနော်တို့ အောက်ခြေမှာတော့ တွန်းအားပေးတာပေ့ါနော်။ သူတို့ဆီက ကောင်စစ်ဝန်တို့ ဘာတို့ကိုလည်း ကျနော်တို့ ပြောတယ်။ တဘက်က နယ်ခြားစောင့်တွေကိုလည်း ဒါတွေကိုလည်း အမြန်ဆုံးလွဲှပြောင်း လက်ခံဖို့ ဆောင်ရွက်ပေးပါဆိုပြီး ကျနော်တို့ဘက်ကလည်း ပြောထားတာ ရှိတာပေါ့နော်။ သို့သော်လည်း အဲဒီဘက်က လွဲှပြောင်းလက်ခံမယ့် အရေအတွက်ကို ကျနော်တို့ဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အကြောင်းကြားမှ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကမှ ပြည်နယ်အစိုးရကို အကြောင်းကြားတဲ့ အခါမှာ ပြည်နယ်အစိုးရအဖွဲ့ကနေပြီးမှ ကျနော်တို့ဆီကို လွဲှပြောင်းလက်ခံရေး ဆောင်ရွက်ဖို့ အကြောင်းကြားမှသာလျှင် ကျနော်တို့က လွဲှပြောင်းလက်ခံ ဆောင်ရွက်တာပါ။”

ဒီအထိန်းသိမ်းခံ လှေစီးပြေးဒုက္ခသည်တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အများစု ပါဝင်နေသလို မြန်မာနိုင်ငံသားတွေလည်းပါဝင်နေပြီး တခြားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် နေရပ်ကိုစွန့်ခွာခဲ့တယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဒုဥက္ကဌ ဦးလှသိန်း က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီရခိုင်ကနေ ထွက်ပြေးသွားတဲ့သူတွေလည်း အများကြီးရှိတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်းရှိတယ် ဆိုတာလည်း သိရတယ်။ ဒါပေမဲ့ ကျနော်တို့ဆီက ထွက်သွားတဲ့လူတွေက ဒီမှာဒုက္ခရောက်နေလို့ တနေရာ၊ တနေရာ သွားခွင့်မရှိဘူး၊ လာခွင့်မရှိဘူး အဲဒီလိုဖြစ်နေတော့ ဒီမှာအကျဉ်းအကျပ် ဖြစ်နေတဲ့ အချိန်မှာ ထွက်ပေါက်အနေနဲ့ မလေးရှားတို့ ဘာတို့ကို ရောက်သွားလို့ရှိရင် သူတို့အတွက် အခြေအနေကောင်းမလား ဆိုပြီးတော့ အများကြီး ထွက်သွားကြတယ်။”

ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်သေးတဲ့ အခြေအနေကြောင့် လှေစီးပြေးဒုက္ခသည်တွေကို မူရင်းနိုင်ငံကို ပြန်ပို့တာဟာ ကောင်းမွန်တဲ့လုပ်ရပ်လို့လည်း မောင်တောအလိုတော်ပြည့် ဆရာတော်ကနေ အခုလို မိန့်ကြားခဲ့ပါတယ်။

“လှေစီးဒုက္ခသည်တွေ ပြောတာလား။ ဒီမှာမောင်တောနယ်မှာလည်း ဒီအတိုင်းထားတယ် ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာမှာ။ ဒေသခံတိုင်းရင်းသားတွေကလည်း စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတော့ သူတို့နေရာသူတို့ ပြန်ပို့တာတော့ အကောင်းဆုံးလို့ ဆရာတော်တော့ ဒီလိုပဲမြင်ပါတယ်။”

ပြီးခဲ့တဲ့မေလအတွင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ဖမ်းမိခဲ့သလို ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းမှာ ၇၀၀ ကျော်ဖမ်းမိခဲ့ပြီး ဘူးသီးတောင် မောင်တောရှိ တောင်ပြိုလက်ဝဲစခန်းနဲ့ ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၃၇ အနီးမှာ ထိန်းသိမ်းထားခဲ့ရာကနေ မနေ့က နှစ်နိုင်ငံ အာဏာပိုင်တွေကနေတဆင့် ၁၅၉ ဦးကို တတိယအကြိမ် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ထိန်းသိမ်းခံရသူ လှေစီးဒုက္ခသည်တွေအထဲမှာ မြန်မာနိုင်ငံသား ၂၀၀ နီးပါး ပါဝင်နေပြီးတော့ ဇွန်လမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်ဘက်ကို သက်ဆိုင်ရာကနေ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ လှေစီးပြေးဒုက္ခသည်တွေကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ပထမအကြိမ် ၁၅၀ ဦး ဒုတိယအကြိမ် ၁၈၇ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကနေ လွှဲပြောင်းရယူခဲ့ပါတယ်။

XS
SM
MD
LG