သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်း


ဇွန်လပိုင်းကဓာတ်ပုံ။
ဇွန်လပိုင်းကဓာတ်ပုံ။

ပြီးခဲ့တဲ့ မေလက မြန်မာ့ရေပိုင်နက်တွင်းမှာ ရှာဖွေ တွေ့ရှိ ကယ်တင်ထားခဲ့တဲ့ တရားမဝင် လှေစီးပြေး ဝင်ရောက်သူတွေထဲက အယောက် ၁၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဟုတ် မဟုတ်ဆိုတာ စိစစ်ပြီး ဒီကနေ့ပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လွှဲပြောင်းပေး လိုက်ပါတယ်။

နောက်ထပ် ကျန်နေတဲ့လူ ၁၀၀ ကျော်ကိုလည်း စိစစ်နေပြီး ထပ်မံ လွှဲပြောင်းပေးသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစောင့်အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်ရှင်။

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံ ရေပိုင်နက်တွင်းမှာ လှေစီး ရွှေ့ပြောင်း ဝင်ရောက်သူ ရာနဲ့ချီကို နှစ်ကြိမ် ရှာဖွေ တွေ့ရှိခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသား မဟုတ်သူတွေကို စိစစ်ပြီး သူတို့ရဲ့ နေရပ်ရင်း တိုင်းပြည်ကို ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။ လှေစီးပြေး ဝင်ရောက်သူ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာသူတွေ ဖြစ်တာမို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းပြီး နေရပ်ရင်း ပြန်ပို့မှုတွေကို စီစဉ်ဆောင်ရွက် နေတာမှာ ဒီကနေ့ အင်္ဂါနေ့မှာတော့ နောက်ထပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၅ ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လွှဲပြောင်း ပေးလိုက်တဲ့အကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အထူးတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ ပို့လိုက်ပါပြီခင်ဗျ။ ဟိုဟာ ၁၂၅ ယောက် လွှဲလိုက်ပါတယ်ခင်ဗျ။ အားလုံး။”

ဒီမတိုင်ခင်ကတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ နှစ်ကြိမ်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ တကြိမ်စီနဲ့ စုစုပေါင်း လေးကြိမ် ပြန်ပို့ခဲ့သလို၊ လှေစီးပြေး ၅၀၀ ကျော်ကို မြန်မာနိုင်ငံကနေ ဘင်္ဂလာ့ဒေ့ရှ် နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုနောက်ဆုံး စိစစ်ဆဲ လူ ၁၀၀ ကျော်သာ ကျန်တော့ပြီး ဒီလူတွေ နေရပ်ပြန်ပို့နိုင်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့အကြောင်း ရဲမှူးကြီး မျိုးဆွေက ပြောပါတယ်။

“လက်ရှိ ကျန်တာက ၁၀၁ ယောက် ကျန်ပါတယ်။ အဲဒီမှာ အမျိုးသမီးနဲ့ ကလေးက ၁၈ ယောက် ပါပါတယ် ခင်ဗျ။ သူတို့ကတော့ စိစစ်ပြီးတော့ လက်ခံပေးမယ်လို့ ပြောသွားပါတယ်။ စိစစ်တာ မပြီးသေးလို့ပါ။ သူတို့က သူတို့ရဲ့ ဇာတိ၊ သူတို့ရဲ့ ရပ်ရွာတွေမှာ နေထိုင်သူတွေ မှန်သလား ဆိုတာ စိစစ်ပြီး အဲဒါတွေ ရှာနေတာပါ။ ပြီးရင် လက်ခံပေးသွားမယ်လို့ ပြောပါတယ်။”

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရခိုင်ကမ်းလွန် ပင်လယ်ပြင်မှာ လှေစီးပြေး ၂၀၈ ယောက်ကို မြန်မာရေတပ်က တွေ့ရှိ ကယ်တင်ခဲ့ပြီး၊ အဲဒီနောက် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ နောက်ထပ် ၇၀၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ကို ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲစခန်းမှာ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလှေစီးပြေးသူတွေထဲမှာ ပါတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါးကိုတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တော စတဲ့ သူတို့ မူရင်းနေထိုင်ရာ အရပ်တွေဆီကို သက်ဆိုင်ရာကနေ ပြန်လည် ပို့ပေးခဲ့ပါတယ်။

တိုင်းပြည်တွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ဖိနှိပ်ခံရမှု အခြေအနေတွေကြောင့် အခုလို လှေစီးပြေးသူတွေဟာ နေရပ်ကိုစွန့်ပြီး အရှေ့တောင်အာရှဒေသမှာ စီးပွားရေး အခွင့်အလမ်း ပိုမိုကောင်းမွန်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်း နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားကြသလို၊ မကြာခဏ ဆိုသလိုပဲ သူတို့ဟာ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေ ဖြစ်လေ့ရှိပါတယ်။ ဒီလှေစီးပြေးတွေဟာ များသောအားဖြင့် ထိုင်းနိုင်ငံမှာ တထောက်နားပြီးတော့မှ အဲဒီကနေတဆင့် တခြား တတိယနိုင်ငံတွေကို သွားလေ့ရှိကြတာပါ။ ဒါပေမဲ့ နောက်ပိုင်း ထိုင်းအစိုးရက လူမှောင်ခိုကူးမှု လုပ်ငန်းတွေကို ထိုင်းနိုင်ငံတွင်း ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေ လုပ်လာခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာ့ရေပိုင်နက်ထဲ ဖြတ်သန်း သွားလာမှုတွေ ပိုရှိလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG