သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၁၅၅ ဦး ဘင်္ဂလားဒေ့ရ်ှ ပြန်ပို့


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ စခန်းမှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေထဲက ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ မြန်မာဖက်က ပြောဆိုလိုက်ပါတယ်။ မကြာခင် ရက်ပိုင်းတွေ အတွင်းမှာ လည်း နောက်ထပ် လွှဲပြောင်းပေးသွားဖို့ ၂ နိုင်ငံကြား သဘောတူညီ ထားခဲ့တယ်လို့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

လွန်ခဲ့တဲ့မေလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀ ကျော်လောက် ပါဝင်တဲ့ လှေစီးဒုက္ခသည်တွေကိုမြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဖမ်းဆီးထိန်းသိမ်း လိုက်နိုင်တာပါ။ အခုအခါမှာ အဲဒီထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးလိုက်ပြီလို့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"တောင်ပြို လက်ဝဲမှာ ရှိနေတဲ့ လှေစီးဘင်္ဂလီတွေပေါ့လေ ကျနော်တို့ ထိန်းသိမ်း ထားတာ ရှိတယ် မဟုတ်လား။ အဲ့ဒီ့ဥစ္စာက ကျနော်တို့က ဒါကို မနေ့တနေ့ကပဲ ၂၂ရက်နေ့ကပဲ ၁၅၅ယောက် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ပြီးသွားပြီလေ။ "

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေအရေးနဲ့ ပါတ်သတ်ပြီး ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ထပ်မံ လွှဲပြောင်းပေးသွားဖို့ရှိတယ်လို့ ဦးသန့်ကျော်ကပြောပါတယ်။

" ဒီနေ့လည်း ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ကျနော်တို့ကို နောက်ထပ် ၁၅၉ယောက် သူတို့နိုင်ငံသားဖြစ်ကြောင်း သူတို့ဘက်က အတည်ပြုတဲ့အတွက် ကျနော်တို့က လာမယ့် ၃၀ရက်နေ့လောက်မှာ နောက်ထပ် ၁၅၉ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်ပို့ဖို့ ကျနော်တို့ အစီအစဉ် စလုပ်နေပါပြီ။

ဆင်းရဲလွန်းလှတဲ့ အခြေအနေနဲ့ ဖိနှိပ်ခံရမှုတွေကြောင့်မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင် လူနည်းစုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟာ နေရပ်ရင်း ကို စွန့်ခွါပြီး အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို လှေစီးဒုက္ခသည်အဖြစ် သွားရောက်နိုင်ဖို့ ကြိုးစားရင်း လွန်ခဲ့တဲ့မေလနဲ့ ဇူလိုင်လ အတွင်းမှာ အဲဒီလှေစီးဒုက္ခသည်တွေကို ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း အနီးနဲ့ မြန်မာနိုင်ငံတောင်ဘက် စွန်းက မြန်မာ့ရေပိုင်နက်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG