သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး တစ်ရာကျော် တနင်္သာရီကျွန်းတခုပေါ် တွေ့ရှိ


မကြာသေးခင်လပိုင်းတွင်းက ပုံ (ဓာတ်ပုံ - MOI)
မကြာသေးခင်လပိုင်းတွင်းက ပုံ (ဓာတ်ပုံ - MOI)

မြန်မာနိုင်ငံတောင်ပိုင်းက ကျွန်းတကျွန်းပေါ်မှာရောက်နေတာ သီတင်းပတ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၀၀ ကျော်ကို မြန်မာရေတပ်က တွေ့ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ ပြောပါတယ်။ မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီဒေသက ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးသား ၁၀၂ ဦးကို မြန်မာရေတပ်က ကယ်တင်ခဲ့တယ်လို့ Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားတာပါ။

အဲဒီလူတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ပြီး တချို့က သူတို့ကို အတင်းအကျပ် ခေါ်လာတာလို့ ပြောကြပြီးတော့ တချို့ကတော့ မလေးရှားမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး လူမှောင်ခိုကူးသူတွေက ဖျားယောင်းသွေးဆောင်ခဲ့တာလို့ ပြောကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ကို ကျွန်းပေါ်မှာ ဇွန်လအစောပိုင်းက ပစ်သွားတာဖြစ်ပြီး ဇွန်လကုန်နဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကြားမှာ တွေ့ခဲ့တာလို့ သတင်းက ဆိုပါတယ်။ သူတို့ကို လောလောဆယ် ဘယ်မှာထားတယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ သတင်းထဲမှာ မပြောထားပါဘူး။

ထိုင်းနိုင်ငံက လူမှောင်ခိုကူးသူတွေကို ပြင်းပြင်းထန်ထန် စတင်နှိမ်နင်းခဲ့တဲ့ မေလ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနဲ့ မြန်မာနိုင်ငံကလို့ ပြောတဲ့ ရိုဟင်ဂျာမူဆလင်တွေ အများစုပါတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာရော ဒေသတွင်း ရေပြင်တွေမှာပါ လူမှောင်ခိုကူးသူတွေရဲ့ စွန့်ပစ်တာတွေ ခံခဲ့ရတာပါ။

မြန်မာရေတပ်က လှေစီးပြေး ဒုက္ခသည် စုစုပေါင်း တထောင်နီးပါးကို မြန်မာ့ရေပြင်တဝိုက်မှာ ကယ်တင်နိုင်ခဲ့ပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ဖြစ်ကြောင်း ပြောကြားခဲ့သလို ဘင်္ဂလားဒေ့ရှ် နယ်စပ်နားက စခန်းတွေကို ပို့ဆောင်ခဲ့ပါတယ်။ ဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို ၂ နိုင်ငံစလုံးက လိုလားတဲ့ ပုံမပြတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတာပါ။ အခုလောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၁၅၀ ကိုပဲ လက်ခံသေးတာဖြစ်ပြီး ကျန်သူတွေကတော့ နယ်စပ်စခန်းတွေမှာပဲ ရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ ပြန်အပ်ဖို့ ကြေညာထားတာမှာ လာအပ်တဲ့လူ ၄ သိန်းနီးပါးထိရှိပေမဲ့ အသစ်ပြန်ထုတ်ပေးတဲ့ အစိမ်းရောင် နေထိုင်ခွင့်ကဒ်ကို ထုတ်တဲ့သူကတော့ ၁၆၀၀ ပဲရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ဗွီအိုအေကိုပြောပါတယ်။ ဒီအစိမ်းရောင်ကဒ်ပြားသစ်ဟာ နေထိုင်ခွင့်အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားခွင့်ရမှာဖြစ်ပြီးတော့ ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ လဝက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

XS
SM
MD
LG