သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကိုကန့်ကွက်သူ Irish အဆိုကျော်Bob Geldof 'Freedom of the City of Dublin' ဆုပြန်အပ်


 ဂီတပညာရှင် Bob Geldof 'Freedom of the City of Dublin' ဆုကို ပြန်အပ်စဉ်
ဂီတပညာရှင် Bob Geldof 'Freedom of the City of Dublin' ဆုကို ပြန်အပ်စဉ်

အိုင်ယာလန်နိုင်ငံက နာမည်ကြီး ဂီတပညာရှင် Bob Geldof က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒဗ္ဗလင်မြို့တော်ရဲ့ လွတ်မြောက်ရေး ဆုချီးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ သူ့ရဲ့ဆုကို ပြန်ပေးအပ်လိုက်ပါတယ်။ မြန်မာနိုင်ငံက လူမျိုးစုအလိုက်ရှင်းလင်း ၊ ဖယ်ရှားမှုမှာ ပါဝင်ပတ်သက်နေတဲ့သူနဲ့ အတူဂုဏ်ပြုတာမခံချင်ဘူးလို့ Geldof က ပြောလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer ရဲ့ သတင်းအပေါ် အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အိုင်းရစ်အဆိုတော်လည်းဖြစ်၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ Bob Geldof က - ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒဗ္ဗလင်မြို့တော်ရဲ့ လွတ်မြောက်ရေး (Freedom of the City of Dublin) ဆု ချီးမြှင့် ခံထားရတာကို လက်မခံနိုင်တဲ့အတွက်ဆိုပြီး၊ ဒီဆုကို ပြန်အပ်လိုက်တာဖြစ်ပါတယ်။

တနင်္လာနေ့က ဒဗ္ဗလင်မြို့ရဲ့ မြို့တော်ခန်းမမှာ သူရခဲ့တဲ့ဆုကို ပြန်အပ်ခဲ့စဉ် Bob Geldof က ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။

"ကျနော်အခု ဒီကိုလာတာဟာ ဒဗ္ဗလင်မြို့တော်ရဲ့ လွတ်မြောက်ရေးဆုကို ပြန်အပ်ဖို့လာတာပါ။ ဒီဆုက ကျနော်အတွက် သိပ်ကိုအဓိပ္ပါယ်ရှိပြီး တန်ဖိုးထားတဲ့ဆုဖြစ်လို့ ကျနော်အနေနဲ့ ပြန်မအပ်ချင်ပါဘူး။ ဒါပေမဲ့ ဒါက ကျနော်ရဲ့ ပုဂ္ဂလိကလုပ်ဆောင်ချက်တခုပါ။ ကျနော်အနေနဲ့ လူအများကြိုက်လာအောင် ပြောတာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒဗ္ဗလင်မြို့က အလွန်ကြိုဆိုခဲ့ကြတယ်။ အဲဒီမှာ ကျနော်လည်း ပါဝင်ခဲ့ပြီး ၊ သူမအတွက် သီချင်းတွေဆို၊ စကားတွေပြောပြီး ချီးကျူးဂုဏ်ပြုခဲ့ကြတယ်။ ဒါပေမဲ့ သူမက လူသတ်သမားဖြစ်နေတယ်။ ကျနော်အနေနဲ့တော့ ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောနေတဲ့သူနဲ့ အတူ ဆုချီးမြှင့်ခံထားရတဲ့ စာရင်းထဲမှာ မပါချင်ပါဘူး။"

Geldof ဟာ အီသီယိုပီးယားနိုင်ငံက ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးအတွက်ဆိုပြီး ၁၉၈၅ ခုနှစ်က Live Aid လို့ခေါ်တဲ့ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို စီစဉ်ပြီး အမေရိကန်ဒေါ်လာ ၁၀၄ သန်းကျော် ရန်ပုံငွေရှာဖွေပေးနိုင်ခဲ့တဲ့အတွက် လူသိများထင်ရှားသူတဦးဖြစ်ပါတယ်။

ဒီဆုကိုတော့ ဒဗ္ဗလင်မြို့မြို့ရဲ့ဘဝတွေကို အပြောင်းအလဲဖြစ်စေခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ အဲဒီလိုချီးမြှင့်ခံရတဲ့သူတွေထဲမှာ တောင်အာဖရိကသမ္မတဟောင်း Nelson Mandela နဲ့ အမေရိကန်သမ္မတဟောင်း John F. Kennedy တို့လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့အတွက်ဆိုပြီး ၊ ၁၉၉၉ ခုနှစ်က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်က သူမအိုင်ယာလန်နိုင်ငံကိုသွားရောက်စဉ်ကျမ သူမကိုယ်တိုင် တရားဝင်လက်ခံယူခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဒီဆုနဲ့အတူ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး က ချီးမြှင့်တဲ့ Ambassador of Conscience ယုံကြည်မှုဆိုင်ရာ သံတမန်ဆုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း စစ်တပ်ကနယ်မြေရှင်းလင်းရာမှာ ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ခံနေရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်မွန်တူးတူး အပါအဝင် တခြားနိုဘယ်ဆုရှင်တွေကလည်း ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် တလျှောက်လုံးထောက်ခံလာခဲ့တဲ့ အိုင်းရစ်ဂီတအဖွဲ့ဖြစ်တဲ့ U2 ကလည်း ၊ ရိုဟင်ဂျာတွေ ရက်ရက်စက်စက်ဖိနှိပ်ခံနေရပြီး ၊ ထွက်ပြေးနေရတဲ့အပေါ် စိတ်ထိခိုက်မိပြီး၊ ဒီအကြမ်းဖက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆန့်ကျင်ပြောဆိုဖို့ ပြီးခဲ့တဲ့စနေနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်နေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခြင်းမရှိခဲ့တဲ့အတွက် ၊ ဗြိတိန်နိုင်ငံ Oxford မြို့ကလည်း သူမကိုချီးမြှင့်ထားတဲ့ Oxford မြို့ရဲ့ လွတ်မြောက်ရေးဆုကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာနဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြနေတာတွေဟာ သတင်းမှားတွေအပေါ်မှာ အခြေခံပြီး ဖော်ပြနေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ သိပ်မကြာခင်ကတော့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ၂ နိုင်ငံ နယ်စပ်ကို ကိုယ်တိုင်သွား ပြီးတော့ အဲဒီကအခြေအနေတွေကိုကြည့်ရှုခဲ့ပါတယ်။

ဒေါ်စု ကိုကန့်ကွက်သူ Irish အဆိုကျော် Bob Geldof "Freedom of the City of Dublin" ဆုပြန်အပ်
please wait

No media source currently available

0:00 0:03:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG