သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လေကြောင်း Boeing လေယာဉ်တွေနဲ့ တိုးချဲ့မည်


မြန်မာနိုင်ငံက စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တာနဲ့အမျှ မြန်မာ့လေကြောင်းလိုင်းကလည်း Boeing 737 လေယာဉ် တဒါဇင်ကို ငှားရမ်းပြီး ပြေးဆွဲဖို့လုပ်ဆောင်နေတယ်လို့ လေကြောင်းလုပ်ငန်းနီးစပ်တဲ့သူတွေက ပြောလိုက်ပါတယ်။ ဒါဟာ တခေါက်တည်းနဲ့ လေယာဉ်တွေ အများဆုံးချဲ့ထွင်လိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီလေယာဉ်တွေကို ကမ္ဘာ့အကြီးဆုံး အငှားကုမ္ပဏီကြီးဖြစ်တဲ့ GE ကုမ္ပဏီရဲ့ လေကြောင်းအငှားဆိုင်ရာ GECAS က အငှားချသွားမှာ ဖြစ်တယ်လို့ လေကြောင်းလုပ်ငန်းနီးစပ်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် လေကြောင်းပြပွဲမှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့လေကြောင်းလိုင်းက တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသလို Boeing ကုမ္ပဏီကလည်း တစုံတရာ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းဟာ MAI လို့ခေါ်တဲ့ MYANMAR AIRWAYS INTERNATIONAL ကို ၂၀ % ပိုင်ဆိုင်ထားပြီး အခုလောလောဆယ်မှာ မြန်မာ့လေကြောင်းလိုင်းဟာ ပြည်တွင်းခရီးစဉ်တွေကိုပဲ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ခရီးသည် ၁၆၀ ဆန့်တဲ့ BOEING 737 လေယာဉ်တွေက လေကြောင်းလိုင်းအတွက် ခရီးစဉ်အပြောင်းအလဲတွေ ရွေးချယ်စရာတွေ ပိုလုပ်လာနိုင်မှာဖြစ်ပြီး နိုင်ငံတကာကိုလည်း စတင်ပြေးဆွဲလာနိုင်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လေယာဉ်အငှားကုမ္ပဏီတွေက လေကြောင်းလိုင်းတွေကို ဒီလေယာဉ်တွေကို လစဉ်ကြေးနဲ့ ငှားနေတာဖြစ်ပါတယ်။ BOEING 737 လေယာဉ်ကို ကုမ္ပဏီကနေ ဝယ်ယူဖို့မှာမယ်ဆိုရင်တော့ အဲဒီလေယာဉ်တစင်းဟာ အမေရိကန်ဒေါ်လာ သန်း ၉၀ လောက်ရှိကုန်ကျမှာဖြစ်ပါတယ်။
XS
SM
MD
LG