သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်


ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်
ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်

ဗိုလ်ချုပ် အောင်ဆန်းဟာ တပ်မတော်နဲ့ပဲ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူး၊ သူဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထား ဖော်ဆောင်တဲ့ ခေါင်းဆောင်၊ ငယ်စဉ်ကစပြီး တာဝန်ကျေပွန်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ် ဆိုပြီး ဒီကနေ့ ဖေဖဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ် ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းကိုလည်း ဒီကနေ့ ဖွင့်လှစ်လိုက်ပြီး အမျိုးသား ရုပ်ရှင် ထုတ်လုပ်ရေးကိုလည်း ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ထုတ်လုပ်ရေး အတွက် လှုဒါန်းလိုက်တဲ့ အကြောင်းတွေကို မသိင်္ဂီထိုက် စုံစမ်း မေးမြန်းပြီး တင်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ်နဲ့ ဒီကနေ့ ဗိုလ်ချုပ် ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းကို ကမာရွတ်မြို့နယ် ဓမ္မစေတီလမ်းမှာ ဖွင့်လှစ်လိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀ အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ကို မြန်မာ ရုပ်ရှင် ပညာရှင်တွေက ရိုက်ကူးဖို့ ကြိုးစားနေကြတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဘ၀ တစိတ်တပိုင်းနဲ့ ပတ်သက်ပြီး အခုလို ပြောလိုက်ပါတယ်။

“ဒီ အတ္ထုပ္ပတ္တိ ဇာတ်ကားကို ရိုက်တဲ့အခါ ဘယ်လို နံမည်ရွေးမယ် ဆိုတာကတော့ ကျမတို့ ဆုံးဖြတ်ရမှာပေါ့။ ဘာဖြစ်လို့ လူတွေက ဗိုလ်ချုပ် ဗိုလ်ချုပ်လို့ ခေါ်တာလဲဆိုတာကိုတော့ အလေးထားပြီးတော့ ဒီရုပ်ရှင်ကနေတဆင့် ဖော်ပြစေချင်ပါတယ်။ ဒါပေမဲ့ ဖေဖေဟာ တပ်မတော်နဲ့ဆိုင်တဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ အင်အား၊ စောစောကပြောလို ဗိုလ်ချုပ် ဆိုတဲ့အဓိပ္ပါယ်က အင်အားက လာတာပေါ့နော်။ အင်အားဆိုတာ ငယ်ငယ်ကတည်းက စခဲ့တာပါ။ ဖေဖေ ကလေးဘဝတုန်းက ဖြူစင်ခဲ့တာ၊ ကလေးဘဝကတည်းက တာဝန်သိတဲ့စိတ် ရှိခဲ့တာ၊ ငယ်ငယ်ကတည်းက အငယ်ဆုံးမိုလို့ မိဘတွေက အလိုလိုက်လို့ ကျောင်းတက်တာ နောက်ကျပေမဲ့ ကျောင်းတက်ပြီး ဆိုတာနဲ့ ကျောင်းစာမှာ အမြဲပဲ ထူးထူးချွန်ချွန် ဖြစ်အောင် လုပ်တယ်ဆိုတာ သူ့ရဲ့ ကလေးကျောင်းသားလေး တာဝန်ကို ကျေပွန်တဲ့ဟာကို ပြတာပါ။ ဒီလိုပဲ အဆင့် အဆင့် တက္ကသိုလ်ကျောင်းသား ဖြစ်လာတဲ့အခါကျတော့ အဲဒီ အချိန်မှာ နိုင်ငံရေးတာဝန်တစ်ခုအရ လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ကျောင်းသား ခေါင်းဆောင် ဖြစ်လာပါတယ်။ နောက် တဆင့် တဆင့် တက်တက်ပြီးတော့ ကျရာ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းနိုင်တဲ့ ဗလအင်အားနဲ့ ထမ်းချင်တဲ့ တာဝန်သိ စိတ်ဓါတ်တွေ ရှိတာတွေကို ကျမတို့ အထူးသဖြင့် မီးမှောင်းထိုးပြစေချင်ပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်နဲ့ပဲ သက်ဆိုင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်မဟုတ်ဘဲ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်လိုတဲ့ တာဝန်သိတဲ့ တာဝန်ကျေခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်ဆိုတာကို ဒီရုပ်ရှင်မှာ ထည့်သွင်းသင့်တယ်၊ ပေါ်လွင်အောင် ရိုက်ကူးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“အင်္ဂလိပ်ကို ပြန်ပြီးတော့ တိုက်နေတဲ့ခေတ်မှာတောင်မှ အင်္ဂလိပ်တွေနဲ့ ပတ်သက်လို့ အင်မတန်မှ သဘောထားကြီးကြီး ထားတာကိုလည်း ကျမတို့ မြင်ခဲ့ရပါတယ်။ အဲဒီမျိုးဆက်တွေဟာ အင်မတန်ကို သဘောထား ကြီးပါတယ်။ အဲဒီ သဘောထားကြီးတဲ့အပြင်မှာလည်း ပညာကို သေသေချာချာ သင်ပိုင်ခွင့်တွေ ရှိခဲ့လို့ ပညာနဲ့ သဘောထားကြီးမှု နှစ်ခုကို ပေါင်းပြီးတော့ နိုင်ငံရဲ့ အကျိုးကို ထမ်းဆောင်နိုင်ခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဒါတွေကို ကျမတို့ အတ္ထုပ္ပတ္ထိ ရုပ်ရှင်ထဲမှာ ပြချင်တယ်။ ပြတဲ့အခါမှာ အနုပညာအရ အဆင့်မြင့်မြင့်နဲ့ ဖြစ်စေချင်ပါတယ်။”

သမိုင်းမှာ အရေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားကြီးကို မြန်မာ ရုပ်ရှင် ပညာရှင်တွေ အနေနဲ့ ပီပီပြင်ပြင် ပုံဖော်နိုင်လိမ့်မယ်လို့လည်း ယုံကြည်တဲ့အကြောင်းနဲ့ ဒီလို ပုံဖော် ရိုက်ကူးနိုင်ဖို့ အတွက်လည်း တစ်ဘက်တစ်လမ်းကနေ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အဖြစ်နဲ့ ဆရာတော် ဦးဆန္ဒာဓိက ကလည်း ငွေကျပ် ၃၂ သိန်းကို ရုပ်ရှင် ထုတ်လုပ်ရေး အတွက် လှူဒါန်းပါတယ်။ သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူရဲ့ မိဘတွေကလည်း သူတို့ ပိုင်ဆိုင်တဲ့ အမျိုသား ရုပ်ရှင် ထုတ်လုပ်ရေးကို ဒေါ်အောင်ဆန်းစုကြည်ထံကို လွှဲအပ် လှူဒါန်းလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကိုကျော်သူက အခုလို ပြောပါတယ်။

“ဖေဖေ ဦးသိန်းတင် ပိုင်တဲ့ အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးကို ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ကား ရိုက်ဖို့အတွက် ကျနော်တို့ အပြီးအပိုင် လှူလိုက်ပါတယ်။ တရားဝင် အခု အားလုံး လွှဲလိုက်ပါပြီ။ စာချုပ်စာတမ်းတွေ အားလုံးပေးလိုက်ပြီ။”

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ထုတ်လုပ်ရေး အတွက် မြန်မာ ရုပ်ရှင် ပညာရှင်တွေ စုပေါင်း ကြိုးစားနေကြပေမဲ့ ဘယ်သူက ဒါရိုက်တာ အဖြစ် ဦးဆောင် ရိုက်ကူးမယ် ဆိုတာရော သရုပ်ဆောင်တွေရော မရွေးချယ်ရသေးပါဘူး။ ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်း ဖွင့်ပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပြင် မြန်မာ့ ရုပ်ရှင် နယ်ပယ်က ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG