အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ မြန်မာနိုင်ငံကို ပြန်ရဖို့ မျှော်လင့်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပြီး - တချို့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို ပြန်နေကြပေမဲ့လို့ အခုချိန်ထိတော့ - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အစိုးရဘက်က ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။
အသက် ၉၃ အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အဆုတ်ရောင်ဝေဒနာ ခံစားနေ ရတာကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးရဲ့ ICU အရေးပေါ်အခန်းမှာ ကုသမှု ခံယူနေရတာ ၁ လလောက်ရှိသွားပါပြီ။ အောက်ဆီဂျင်ပိုက်နဲ့ အသက်ရှုနေရတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ဆရာဝန်တွေက ပိုက်ကနေတဆင့် အစာသွင်းပေးထားတဲ့ အကြောင်း အနီးကပ် ပြုစုပေးနေတဲ့ သမီးဖြစ်သူ ဒေါက်တာ ဒေါ်လှကျော်ဇောက ပြောပြပါတယ်။
“အစာ စားလိုက်လို့ရှိရင် အသက်ရှုလမ်းကြောင်းထဲ ရောက်ရောက်သွားတယ်လေ။ အသက် သိပ်ကြီးတော့ လည်ချောင်းကျဉ်းသလိုဖြစ်ပြီး၊ အဲ့ဒီကနေမှ ခဏ ခဏ အဆုတ်ရာင်တာ၊ ဒီ တခါရောင်တာ သိပ်ပြင်းထန်သွားတယ်လေ။ ကိုယ်ပူလည်း မကျဘူး။ အသက်ကယ်ခန်းထဲ သွင်းပြီးတော့ အသက်ကယ်ယူရတာ၊ အခုတော့ အပူလေး ဘာလေးကျလာပြီ။ နည်းနည်းလေးတော့ ငြိမ်လာပြီ။ ဒါပေမဲ့ ICU အသက်ကယ်ခန်း ထဲကတော့ အခုထိ မထွက်ရသေးဘူး။ အစာကို ပါးစပ် က ကျွေးလို့ရှိရင် သီးသီးပြီးတော့ လေပြွန်ချောင်းထဲပဲ ရောက်ရောက်သွားတော့ သူ့ကို ဆရာဝန်က လုံးဝ အစာ မကျွေးခိုင်းဘဲနဲ့ နှာခေါင်းကနေ အစာပြွန်သွင်းထားပြီးတော့ အစာအိမ်ထဲကို တိုက်ရိုက် ပြွန်နဲ့ပဲ ထည့်ပေးနေတယ်။ တစ်လကျော်လောက်ရှိပြီ။ ICU အသက်ကယ်ခန်းထဲ သွင်းရတာတောင် သြဂုတ်လ ၁၅ ရက်နေ့က စသွင်းလိုက်ရတာ။ ဒီတခါ တော်တော်ကြာတယ်။”
မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ကိုလိုနီဆန့်ကျင်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တဦးလည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ခေါင်းဆောင်ဟောင်း တဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ တရုတ်နိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံနေ ခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ရှိသွားခဲ့ပါပြီ။
အသက်အရွယ်ကြီးရင့်ပြီး နေထိုင်မကောင်း ဖြစ်နေတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အနေနဲ့ မြန်မာပြည် ပြန်ရဖို့ကို အမြဲ မျှော်လင့် နေတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပြပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ - ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံ ဆွေးနွေးပြောဆိုတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးတွေ၊ ပြည်ပအခြေစိုက် အဖွဲ့ တွေနဲ့ ဆွေးနွေးတာမျိုးတွေ၊ အခုနောက်ဆုံး အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း အသွင်းခံထားရသူ တစ်ထောင်ကျော်ရဲ့ အမည်တွေကို ပြန်ဖျက်ပေး တာမျိုးတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ဗမာပြည်ကွန်မြူနစ်ပါတီကိုတော့ အခုအချိန်ထိ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ ဒေါက်တာဒေါ်လှကျော်ဇော ကတော့ ဒီအခွင့်အရေးကို အမြဲ မျှော်လင့်နေပြီး မြန်မာနိုင်ငံကိုလည်း ပြန်ရဖို့ ဆန္ဒရှိတယ်လို့ အခုလို ဆက်ပြောပြပါတယ်။
“ကျမတို့ကတော့ အဲ့ဒီအခွင့်အရေးကို အမြဲတမ်း ရဖို့ မျှော်လင့်တာပဲ။ ကျမတို့က အစကတည်း က ပြောပြီးသား။ ကျမတို့အနေနဲ့ လွတ်လွတ် လပ်လပ်နဲ့ လှုပ်ရှားနိုင်မယ်။ ကျမတို့ယုံကြည်ချက်ကို လည်း လွတ်လွတ်လပ်လပ် ယုံကြည်ခွင့်ရှိတယ်။
ကျမတို့ ယုံကြည်ချက်အတိုင်း လွတ်လွတ် လပ်လပ် ပြောဆိုခွင့်ရှိတယ်။ စည်းရုံးခွင့်ရှိတယ်။ လှုပ်ရှားခွင့်ရှိတယ်ဆိုရင် ကျမတို့က အချိန်မရွေး ပြန်မှာပဲ။ ကျမတို့ကတော့ ကိုယ့်တိုင်းပြည် ကိုယ် ပြန်ချင်တာပေါ့။ ပြန်ချင်တာပေါ့။ ဖေဖေ (ဗိုလ်မှူးချုပ်ကျော်ဇော) လည်း ပြန်ချင် တာပေါ့။ ဒါပေမဲ့ ပြန်လို့မှ မရတာ။”
၁၉၄၁ ခုနှစ်မှာ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်လာခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ ဗမာ့ လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ မှာရော - ဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေမှာပါ တာဝန်ထမ်းဆောင်ခဲ့ပြီး - အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ခဲ့သူတဦးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်ကလည်း လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ သီရိလင်္ကာနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး - ၁၉၄၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒုဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
နောက်ပိုင်းမှာလည်း မြန်မာ့တပ်မတော်ထဲမှာ တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ်နဲ့ရော၊ မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ်နဲ့ပါ တာဝန်ယူခဲ့ပါသေးတယ်။ ၁၉၅၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်လာတဲ့ တရုတ်ဖြူ ကူမင်တန်တပ်တွေနဲ့ ၁၉၅၅ ခုနှစ်မှာ တရုတ်ဖြူတပ်တွေကို - ကိုယ်တိုင် ဦးဆောင်ပြီးတော့ တိုက်ထုတ်ခဲ့သူ တဦးအဖြစ်လည်း ထင်ရှားခဲ့သူ ဖြစ်ပါတယ်။