သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ဂျီးရီယားကျောင်းသူတွေကို ပြန်ပေးဆွဲခဲ့ကြောင်း Boko Haram ကြေညာ


Boko Haram အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ပြန်ပေးဆွဲခံရတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော်ကို ကယ်ဆယ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ မိသားစုဝင်များ။
Boko Haram အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ပြန်ပေးဆွဲခံရတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော်ကို ကယ်ဆယ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ မိသားစုဝင်များ။
နိုင်ဂျီးရီယားနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ရာဂဏန်းရှိတဲ့ ကျောင်းသူတွေကို သူတို့ ပြန်ပေးဆွဲခဲ့တာဆိုပြီးတော့ အစ္စလာမ် စစ်သွေးကြွအဖွဲ့တခုဖြစ်တဲ့ Boko Haram အဖွဲ့က ကြေညာလိုက်ပါတယ်။ ပြန်ပေးဆွဲထားတဲ့ ဒီလူတွေကို ရောင်းပစ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်ပြောဆိုပါတယ်။

တနင်္လာနေ့မှာ သတင်းအေဂျင်စီတွေကို ပေးပို့ခဲ့တဲ့ Hausa ဘာသာစကားနဲ့ပြောထားတဲ့ ဒွီဗီဒီယိုဖိုင်မှာ အခုလို ကြေညာပြောဆိုမှု ပါဝင်တာပါ။ ဒီ မိန်းကလေးတွေကို သူ ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး သူတို့ကို ဈေးကွက်မှာရောင်းပစ်မယ်ဆိုပြီး Boko Haram ခေါင်းဆောင် Abubakar Shekau က အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ကြိမ်းဝါးပြောဆိုထားပါတယ်။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တဦးရဲ့ ဖခင်ဖြစ်သူကတော့ သူ့အနေနဲ့ အကူအညီမဲ့နေတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ သူ့သမီးအပါအဝင် ဒီမိန်းကလေးတွေရဲ့သတင်းကို သူတို့ ဘာမှ ထပ် မကြားရတော့ဘူး၊ ဘုရားသခင်ကို ဆုတောင်းရုံကလွဲလို့ သူတို့ ဘာမှ မလုပ်မကိုင်တတ်ဖြစ်နေရတယ်လို့ ဖခင်ဖြစ်သူက ပြောခဲ့တာပါ။

နိုင်ဂျီးရီယားနိုင်ငံ Borno ပြည်နယ်က Chibok မြို့ ကျောင်းတကျောင်းက မိန်းကလေးငယ်တွေကို သေနတ်သမားတွေက ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့မှာ ပြန်ပေးဆွဲ ဖမ်းဆီးသွားတာပါ။ လွတ်မြောက်လာသူအချို့ရှိပေမယ့်လည်း မိန်းကလေး ၂၇၆ ဦးကတော့ ပျောက်ဆုံးနေဆဲပဲလို့ နိုင်ဂျီးရီယားအာဏာပိုင်တွေက ပြောထားပါတယ်။ ဒီ မိန်းကလေးတွေ ပြန်လွတ်လာဖို့အတွက် လုပ်နိုင်ခြေရှိတာအားလုံး လုပ်ဆောင်ဖို့ နိုင်ဂျီရီယားသမ္မတ Goodluck Jonathan က လုံခြုံရေးအာဏာပိုင်တွေကို အမိန့်ထုတ်ထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင်တော့ မိန်းကလေးအချို့ဟာ သူတို့ကို ပြန်ပေးဆွဲသူတွေနဲ့ လက်ထပ်ခဲ့ပြီး ကျန်သူတွေကတော့ နယ်ခြားဖြတ်ပြီး Cameroon နဲ့ Chad နိုင်ငံတွေကို ပြောင်းရွှေ့ခံရတယ်လို့ သတင်းထွက်နေပါတယ်။
XS
SM
MD
LG