သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ခရီး သွားလာရေး ကန်အစိုးရ သတိပေး


ဆော်ဒီက ဗလီ ကို ဗုံးခွဲ တိုက်ခိုက်မှုတခု မြင်ကွင်း (မေ ၂၂၊ ၂၀၁၅)
ဆော်ဒီက ဗလီ ကို ဗုံးခွဲ တိုက်ခိုက်မှုတခု မြင်ကွင်း (မေ ၂၂၊ ၂၀၁၅)

အီရန်နိုင်ငံကို ခရီးသွားလာမှုအတွက် အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန က သောကြာနေ့မှာပဲ သတိပေးချက် ထုတ်ပြန်လိုက် ပါတယ်။ အထူးသဖြင့် အီရန်နွယ်ဖွါး အမေရိကန် နိုင်ငံသားတွေကို သတိပေးထားတာပါ။ ဒါဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းက အကျုံးဝင်တဲ့ သတိပေးချက်နေရာမှာ အစားထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နဲ့ အီရန် ၂ နိုင်ငံစလုံးအတွက် နိုင်ငံသားခံယူထားသူတွေ အနေနဲ့ အီရန်မှာ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတာကို ထပ်မံ သတိပေးထားတာပါ။

အီရန်နဲ့ အမေရိကန်တို့ကြား သံတမန် ဆက်သွယ်ရေး မရှိတဲ့အတွက် အရေးပေါ် တစုံတရာ ဖြစ်ခဲ့ရင် အမေရိကန်က သူ့နိုင်ငံသားတွေကို အကူညီပေးဖို့ အကန့်အသတ်တွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာတော့ အရှေ့ပိုင်းက ရှီယာပလီဝတ်ကျောင်း တခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေတုန်း သေနတ်သမား တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနဲဆုံး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။

Al-Ahsa မြို့က Mahasen အရပ်မှာ ရှိတဲ့ Imam Reza ဗလီမှာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ တာပါ။ ဝင်ရောက်တိုက်ခိုက်သူ တဦးက သူ့ရဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကို ဖေါက်ခွဲနေ တုန်း တခြားလူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် လို့ ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုအစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။ တိုက်ခိုက်သူတယောက် အသေခံဗုံး ဖေါက်ခွဲဖို့ လုပ်နေတာကိုတော့ ဟန့်တားနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။ Mahasen ဟာ ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံဖြစ်တဲ့ အစိုးရပိုင် ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီက ရှီယာ အလုပ်သမား အများအပြား နေထိုင်တဲ့ နေရာဖြစ်ပါတယ်။

ဆူနီဘုရင် အုပ်ချုပ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ရှီယာလူဦးရေက တနိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုံးကနေ ၁၅ ရာခိုင်နှုံးလောက် ရှိနေတာပါ။ ရှီယာ လူနည်းစုတွေဟာ အရင်ကလည်း အိုင်အက်စ် အစွန်းရောက်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံခဲ့ရပါတယ်။

XS
SM
MD
LG