သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တွင်းနေရာသုံးနေရာ ဗုံးငါးလုံးကွဲ


ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။
ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။

ZAWGYI/UNICODE

ရန်ကုန်မြို့လယ် နေရာသုံးနေရာမှာ ဒီကနေ့ ဗုံးငါးလုံးပေါက်ကွဲခဲ့ပြီး၊ စစ်ကောင်စီ လုံခြုံရေးတပ်တွေက လမ်းတွေပိတ်ဆို့ရှာဖွေတာတွေလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းနေရာအတော်များများမှာလည်း အရင်ကထက် လုံခြုံရေးပိုပြီးတင်းကြပ်လာနေပါတယ်။ ဒီအကြောင်းရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်ပြောပြပါမယ်။

ဒီကနေ့ သြဂုတ်လ ၁၀ ရက် နေ့လည်ပိုင်းလောက်က ရန်ကုန်မြို့လယ်က နေရာ ၃ ခုမှာ ပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ခဲ့တာပါ။ ပုဇွန်တောင်မြို့နယ် ရဲစခန်း၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းရုံးချုပ် YMBAနဲ့ ရန်ကုန်စာတိုက်ကြီး အနီး ဗိုလ်အောင်ကျော် ကမ်းနားလမ်းဘလောက်က ယာဉ်ထိန်းရဲကင်းစခန်း တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ YMBA အသင်းရုံးချုပ် အဆောက်အအုံကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာခံရပြီး၊ CCTV မှတ်တမ်းတွေအရ ရှာဖွေဖမ်းဆီးအရေးယူသွားမယ်လို့ YMBA အသင်းက ထုတ်ပြန်ပါတယ်။

လမ်းတဖက်ခြမ်းကနေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး၊ ဗုံးကွဲမှုကြောင့် အထိအခိုက်တစုံတရာမရှိဘူးလို့ သိရပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း YMBA အသင်းရဲ့ ဂုဏ်ထူးဆောင်နာယကအဖြစ် မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ခန့်ထားပြီးနောက်၊ YMBA အသင်းဟာ ဝေဖန်မှုတွေ အတော်ခံခဲ့ရတာပါ။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေဖြစ်လာတဲ့အချိန်မှာလည်း၊ YMBA အသင်း အဆောက်အအုံကို ဆေးမှုတ်ကန့်ကွက်တာတွေ ကြုံခဲ့ရဖူးပါတယ်။

အဲဒီနောက် YMBA မှာ အချိန်အတန်ကြာတဲ့အထိ လုံခြုံရေးအစောင့်တွေချထားခဲ့တာပါ။ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနဲ့ ၅၁လမ်းထောင့်က ရဲစခန်းအနီးနဲ့ ရန်ကုန် ကမ်းနားလမ်း ရန်ကုန်စာတိုက်ကြီးအနီးတွေမှာလည်း နေ့လည်ပိုငးက ဗုံးတွေဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရမှုတွေ မရှိဘူးလို့သိရပါတယ်။

သြဂုတ်လ ၈ ရက်နေ့က ပုဇွန်တောင် ဈေးအနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ရာမှာတော့ စစ်ကောင်စီတပ်သားတစ်ချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီကနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေ ရောက်လာပြီး လမ်းတွေပိတ်ဆိုပြီး လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေ ရပ်ကွက်တွေထဲထိဝင်ရောက် ရှာဖွေ စစ်ဆေးတာတွေ လုပ်နေတယ်လို့ အဲ့ဒီအနီးအနားမှာ နေထိုင်သူတစ်ချို့က ပြောပါတယ်။ ဒီကနေ့တနေ့လုံး ရန်ကုန်မြို့ထဲ လမ်းတွေပေါ်မှာလည်း လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။

မနေ့ညပိုင်းကလည်း စမ်းချောင်းမြို့နယ်က လမ်းတစ်ချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်ပါတယ်။ တိုက်တွေပေါ်ထိတက်ပြီး အခန်းတွေကို ဝင်စစ်တာနဲ့ လူငယ်တစ်ချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့လဲ ခါတိုင်းလိုပဲ လှည့်ပတ်ပြီးသွားနေတာတော့ ကြားတယ်။ ညဖက်ကျရင်တော့ ခပ်စိတ်စိတ်လေး သွားနေတဲ့ ပုံစံပေါ့။ ထင်ရတာပေါ့၊ ညဖက်ကို။ မနေ့ညက စမ်းချောင်း အခြေအနေက ဖမ်းတယ်ဆီးတယ်တော့ အသံကြားတာပေါ့နှော်။ တိုက်တွေပေါ်တက်ပြီးတော့ စစ်တယ်လို့တော့ သိတယ်။ ဘယ်လောက်လောက်၊ ၁၈ ယောက်ဆိုလားပဲ ဖမ်းတာက။ မနေ့ကတော့ သေနတ်သံတွေတော့ ကြားလိုက်ရတယ် ညဖက်လေ။”

မိုးမခလမ်း၊ ဂန္ဓာမာလမ်း၊ မကြီးကြီးလမ်းတွေ အပါအဝင် လမ်းတစ်ချို့ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး တိုက်တွေပေါ်ထိတက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေက ပြောပြကြပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဒီကနေ့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လျှပ်တပြတ်ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ မုံရွာမှာ ကချင်အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသလို၊ မန္တလေး၊ ကလေး၊ ထားဝယ်၊ ဖားကန့်၊ မိုးညင်း၊ သရက်ချောင်း၊ ဘုတလင်၊ ရေဦး၊ ရွေဘို၊ ကျောက်ဆည် စတဲ့ နိုင်ငံတစ်ဝန်း နေရာအနှံမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

UNICODE










XS
SM
MD
LG