သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် တပ်တွင်း ဗုံးပေါက်ကွဲ ၁ ဦးသေ


လုံခြုံရေးတပ်များနေရာယူနေစဉ်
လုံခြုံရေးတပ်များနေရာယူနေစဉ်

လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့နယ်က စစ်စခန်းတွင်း ဗုံးပေါက်ကွဲမှု တခုကြောင့် အရာရှိတဦးရဲ့ ဇနီးဖြစ်သူ သေဆုံးခဲ့ပြီး၊ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့နယ်ထဲမှာပဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်တွင်းက နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့မနက်ဘူးသီးတောင်မြို့စစ်ဆင်ရေးကွပ်ကွဲမှု စစ်ဌာနချုပ်စကခ(၁၅)တပ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး တပ်မတော်အရာရှိဇနီးသည်တဦးသေဆုံးမှုဖြစ်ပွါးခဲ့ပါတယ်။

စကခ(၁၅)တပ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပက်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကိုဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“စကခ(၁၅)က မနက်ပိုင်းမှာတော့ အရာရှိတယောက်အိမ်မှာ ဗုံးကွဲတယ်ပေါ့။ ဗုံးကွဲတယ်အဓိကတော့ အဲဒီအရာရှိက နေပြည်တော်မှာ အိမ်ထောင်ကျပြီးတော့ နေပြည်တော်ကနေပြီးတော့မှ အိမ်ထောင်ပြောင်းပစ္စည်းတွေ ပြောင်းလာ တယ်။ အရပ်ကားနဲ့ဘဲပြောင်းလာတယ်။ သူတို့ကတော့အဲဒီကားနဲ့ပါမလာဘူး။ အဲဒီကားက ရသေ့တောင် မရောက်ခင်မှာ ကျောက်တန်းကျေးရွာကျော်ကျော်လေးမှာ အဲဒီကားကို ဆိုင်ကယ်နဲ့အရပ်ဝတ်နဲ့လူနှစ်ယောက်က လိုက်တားတယ်။ အဲဒီကားကိုခေါ်သွားတယ်။ အရပ်ဝတ်နဲ့(၆)ယောက်ကလက်နက်တွေနဲ့ အဲဒီကားကို ရှာတယ် စစ်တယ်။ အဲဒီမှာဘဲမိုင်းတင်ပေးလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်။ အဲဒီကားက စကခ(၁၅)ရောက်ပြီး ဒီနေ့ မနက်မှာ ပစ္စည်းတွေချတယ်။ ပစ္စည်းတွေချတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တယ်။ အိမ်ထဲမှာ ပေါက်ကွဲမှုဖြစ်တယ်။ ကျွန်တော်တို့ ဗိုလ်မှူးရဲ့ ဇနီးကတော့ ဆုံးပါတယ်။ ဗိုလ်မှူးကတော့ဘာမှမဖြစ်ဘူး။ သူကတော့ သူ့ရုံးသွားတက် နေတာပေါ့။”

အိမ်ထောင်ပြောင်း ပစ္စည်းတင်လာတဲ့ကားကို အရပ်ဝတ်လက်နက်အဖွဲ့ကနေ တားဆီးစစ်ဆေးပြီး ဗုံးထောင်ထားခဲ့ လို့ ပေါက်ကွဲတာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောဆိုပေမယ့် ဘယ်အဖွဲ့လက်ချက်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

စကခ(၁၅)တပ်အတွင်းဗုံးပေါက်ကွဲမှု နဲ့ပက်သက်လို့ ဘူးသီးတောင်မြို့ခံတဦးက အခုလိုပြောပါတယ်။

“ဗုံးပေါက်ကွဲသံကြားရတယ်။ စခန်း အတွင်းကကြားရတာပေါ့။ နောက်ထပ်ကြားတာ ကတော့ ဒီအထဲမှာဘဲ အချင်းချင်း ဖြစ်ကြတယ် ကြားရတယ်လို့ ပြောပါတယ်။ အမျိုးသမီးတယောက် ဆုံးတယ်ဆိုတာလေးဘဲ ဒီအနီးနားမှာပြောကြ တာပေါ့နော်။ အထဲမှာဆိုတော့ အရပ်သားတွေလဲဘာမှာလဲမသိရဘူးနော်။”

ဒီနေ့မနက်မှာဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအုပ်စုဖက်မှာ မြန်မာ့တပ်မတော် နဲ့ ရခိုင့်တပ်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

“ကျွန်တော်ကြားတာကတော့နော် စံဂိုးထောင်ကျေးရွာအုပ်စု ဆင်သေပြင်ရွာနဲ့ ဒီဂေါင်းတိုက် ဘင်္ဂလီကျေးရွာရဲ့ကြား ထဲမှာ ပေါ့နော်။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ် တယ်လို့သတင်းရပါတယ်။ တနာရီကျော်ကျော်လောက်ဖြစ်တယ်ဆိုပြီးမှ ဒေသခံတွေကပြောပါတယ်ခင်ဗျ။”

စံဂိုးထောင်ကျေးရွာသားတဦးကတော့ (၃၁)ဘုံဘုရားအရှေ့ဖက်မှာ လက်နက်ကြီးငယ်ပစ်ခတ်သံတွေ ကိုကြားနေ ရတယ်လို့ဆိုပါတယ်။

“(၃၁)ဘုံအရှေ့ဖက်တောင်တန်းနားမှာ လက်နက်ကြီးလက်နက်ငယ်တို့ကြားတယ်။”

အခုလိုတိုက်ပွဲဖြစ်ပွား နေမှုကြောင့် ဆင်သေပြင် ဂေါင်းတိုက်ရွာ ဥယျဉ်သာရွာ စံကိုးထောင်ရွာ သျှစ်သျှားတောင်ရွာ နရုံတောင်ရွာက ဒေသခံရွာသားတွေ စိုးရိမ်ကြောက်လန့်နေတယ်လို့သူကဆိုပါတယ်။

ဒီတိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မသိရှိသေးဘူးလို့ပြောဆိုခဲ့သလို့ ရခိုင့်တပ်မတော်AAဘက်ကိုဆက်သွယ်ခဲ့ပေမဲ့ အဆက် သွယ်မရရှိခဲ့ပါဘူး။

၂၀၁၈ခုနှစ်နိုဝင်ဘာလကနေ ၂၀၁၉ ဖေဖေါ်ဝါရီလအထိ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ အကြားတိုက်ပွဲ တွေ ဆက်တိုက်ဖြစ်ပွါးခဲ့သလို ရခိုင်ပြည်နယ် (၅)မြို့နယ်နဲ့ချင်းပြည်နယ်အလက်ဝမြို့နယ်ဖက်မှာ ရွာသား(၇၀၀၀) ကျော် စစ်ဘေးတိမ်းရှောင် နေရသလို စစ်ရေးပဋိပက္ခကြောင့် ဒေသအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရမှုဖြစ်စဉ် တွေလဲ ရှိနေပါတယ်။

XS
SM
MD
LG