သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ


လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အင်္ဂါနေ့ ညနေပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး တဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ CS ဟိုတယ်အနီးမှာ ပေါက်ကွဲတာကြောင့် ဆက်ကြေး မပေးလို့ လက်နက်ကိုင် အဖွဲ့တွေက ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ ယူဆပြောကြတာ ရှိသလို၊ လူအများသွားလာတဲ့ နေရာတွေမှာတော့ မလုပ်သင့်ကြောင်းလည်း ပြောဆိုကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ လားရှိုးမြို့ ပေါက်ကွဲမှုသတင်းကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

လားရှိုးမြို့ ဗုံးပေါက်ကွဲမှုဟာ လူစည်ကားရာ အရပ်ဖြစ်တဲ့ မြို့လည်ခေါင် ဈေးအနီးမှာ အင်္ဂါနေ့ ညနေ ၅ နာရီခွဲလောက်က ပေါက်ကွဲခဲ့တာပါ။ ဒီပေါက်ကွဲမှုမှာ လူ ၅ ဦး ထိခိုက်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ လားရှိုးမြို့ခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က ၅ နာရီခွဲသာသာမှာ ကျနော်တို့ လားရှိုးမြို့ ရပ်ကွက် ၂ ၊ ဈေးရဲ့မြောက်ဘက် နှင်းဆီလမ်းနဲ့ ပြည်လမ်းဒေါင့်မှာ ဖြစ်တယ်။ လမ်းရဲ့ မြောက်ဘက်မှာ ကျတော့ New Asia ဟိုတယ်ရှိတယ်ဗျာ။ လမ်းရဲ့ တောင်ဘက်မှာ ကျတော့ CS ဟိုတယ်ရှိတယ်ဗျာ။ အဲဒီ ဟိုတယ် ဘေးနားမှာ ကျတော့ ခေါက်ဆွဲဆိုင် ရှိတယ်ဗျာ။ ဗုံးကတော့ ဆိုင်ကယ်ထဲက ထည့်ပြီးတော့ လာထားသွားတာပေါ့။ ဗုံးကွဲသွားတော့ အဲဒီ ခေါက်ဆွဲဆိုင်မှာ လာစားတဲ့ သူတွေနဲ့ လမ်းသွားလူရယ်။ မ ၂ယောက်၊ ကျား ၃ယောက် ထိခိုက်မှုရှိတယ်။ တယောက်ကတော့ ပွဲချင်းပြီးသွားတယ်။ CS အပိုင်းဘက်မှာ ဖြစ်တဲ့အတွက်ကြောင့် CS ဟိုတယ်လို့ နံမည်ထွက်သွားတာပေါ့။”

သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး အမျိုးသမီးတဦးနဲ့ အမျိုးသား ၂ ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရကြောင်းလည်း ပြောပါတယ်။ ပေါက်ကွဲမှု ပြင်းထန်တာကြောင့် အနီးအနားမှာရှိတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေပါ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

လားရှိုးမြို့မှာ ဒီလို ဗုံးပေါက်ကွဲမှုတွေ မကြာခန ဖြစ်ပွားနေပြီး ဒါဟာ လက်နက်ကိုင်အဖွဲ့တွေကို အခွန် ဆက်ကြေးမပေးတာနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုကြပါတယ်။ မြို့ခံ လူအများကတော့ ဒီလို ဗုံးခွဲတိုက်ခိုက်တာတွေကို လူအများသွားလာတဲ့ နေရာတွေမှာတော့ မလုပ်ဆောင်စေလိုတဲ့အကြောင်းလည်း လားရှိုးမြို့က လူမှုကူညီရေး ဆောင်ရွက်နေသူတဦး ပြောပါတယ်။

လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
လားရှိုးမြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးသေ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

“ အခုက ဟိုတယ်တွေ တော်တော်များများမှာ ဖြစ်နေတာပေါ့နော်။ အဓိကကတော့ သူတို့ ငွေရေး၊ ကြေးရေးပိုင်းတွေ ဆက်ကြေးတွေနဲ့ ပတ်သက်ပြီးမှ ဆက်နွယ်နေတယ် ဆိုပြီးမှတော့ မြို့ခံလူထု တော်တော်များများကတော့ သိနေကြတာပေါ့။ အဲဒီပေါ်မှာ မူတည်ပြီးမှ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေမှာ ဒီလို ပြည်သူတွေ ရှိတဲ့နေရာတွေမှာ မဖြစ်စေဖို့ပေါ့။ ဒီအတွက်ကို လူတွေက တောင်းဆိုကြတာရှိတယ်။ လူတွေရဲ့ စိတ်ခံစားမှုကလည်း စိုးထိတ်နေတာတွေ ရှိတယ်။ မလုံခြုံဘူး ဖြစ်နေတာပေါ့နော်။”

လားရှိုးမြို့မှာ ဟိုတယ်၊ ဘဏ်၊ ရွှေဆိုင်နဲ့ ဓါတ်ဆီဆိုင် စတဲ့ နေရာတွေမှာ မကြာခန ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့တာရှိပြီး ဒီလိုဖြစ်စဉ် အများစုမှာ လက်သည် တရားခံကို ဖော်ထုတ်နိုင်တာလည်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က Sunny ဟိုတယ်မှာ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့သလို ဇူလိုင်လ ၁၅ ရက်ကလည်း ဇွဲထက် ရွှေဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆိုင်ဝန်ထမ်းတဦး သေဆုံးခဲ့ရပါတယ်။

ဇွန်လအတွင်းက Fully Light ဟိုတယ်မှာ ၂ ကြိမ်၊ Golden Hill ဟိုတယ်နဲ့ အသောက စက်သုံးဆီအရောင်းဆိုင်မှာ တကြိမ်စီ ပေါက်ကွဲခဲ့ပါတယ်။ ဧပြီလတုန်းက ရန်တိုင်းအောင်ဘုရားအနီး ပေါက်ကွဲမှုမှာလည်း လူ ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၄ ဖွဲ့လောက် လှုပ်ရှားနေသလို စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာထားရာ နေရာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG