သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘူးသီးတောင်နဲ့ ရသေ့တောင်ကြား ကားလမ်းမှာ ဗုံးပေါက်ကွဲလို့ ၂ ဦးသေဆုံး


Rakhine Map

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်နဲ့ ရသေ့တောင်အသွားကားလမ်းမှာ မနေ့ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၂ ယောက်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ မြေမြုပ်မိုင်းဖြစ်ကြောင်း ပြောဆိုပေမဲ့ ဘူးသီးတောင်ရဲစခန်းကတော့ စုံစမ်းနေဆဲပါ။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဘူးသီးတောင်မြို့နယ်အတွင်း ပေါက်ကွဲမှုဟာ ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ် မြန်မာနဲ့ ဘင်္ဂလားဒေရှ်နယ်စပ်ဒေသမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုဟာ ကြာသပတေးနေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အခုလိုပြောပါတယ်။

“ည ၉ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ သတင်းရတယ်။ ဖြစ်တာကတော့ ကျနော်တို့ ဒီ ကျောက်ရန်အုပ်စု ထိပ်ထူးပေါက်ဆိုတဲ့ရွာနား။ ကုလားရွာနားမှာ အဲဒီမိုင်းကွဲတယ်လို့ အဲလို ကြားသိရတယ်။ ၂ ယောက်သေတယ်လို့ အဲလိုပဲ ကြားပါတယ်။ သတင်းအရဆိုရင် မြေမြုပ်မိုင်းလို့ ပြောသံကြားတယ်ခင်ဗျ။ ”

အခြားဒေသခံတစ်ဦးကတော့ ၃၁ ဘုံဘုရားနဲ့ ၆ ဖာလုံလောက်အကွာမှာ ဖြစ်ကြောင်းနဲ့ ဌာနဆိုင်ရာတွေ သွားရောက်စစ်ဆေးနေကြောင်း ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျ ရဲဝန်ထမ်းက “၃၁ ဘုံ၊ ၃၁ ဘုံ အဲဒီနားမှာ ဖြစ်တာတဲ့။ အတိအကျတော့ မသိရသေးဘူး။ အခုမှ ဒီက သွားပြီးစုံစမ်းနေဆဲပဲရှိတယ်။ ၄ နာရီလောက်မှာ ပြန်ရောက်မယ်။”

ညနေပိုင်းမှာ ပြန်လည်ဆက်သွယ်ရာမှာတော့ ၅ နာရီကျော်ချိန်အထိ ပြန်မရောက်သေးကြောင်းသာ ဖြေကြားတဲ့အတွက် ဒီပေါက်ကွဲမှုရဲ့လက်သည်ဟာ ဘယ်အဖွဲ့ဆိုတာကို ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

ရခိုင်သတင်းမီဒီယာတခုဖြစ်တဲ့ နေရဉ္စရာသတင်းဌာနကတော့ သေဆုံးသူတွေကို မသိရသေးကြောင်း၊ အခင်းဖြစ်ပွားရာကိုစစ်တပ်၊ ရဲအပါအ၀င် တာဝန်ရှိသူတွေရောက်ရှိနေကြပြီး မကွဲသေးသည့် ၀ါယာကြိုးဖြင့် ဗုံးတစ်လုံးကျန်ရှိနေတာကြောင့် ဗုံးရှင်းလင်းရေးအဖွဲ့က စောင့်နေကြောင်း ပေါက်ကွဲရာအနီးကျေးရွာ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေချိန်မှာပဲ အခုလို ပေါက်ကွဲမှုဖြစ်ရပ်သတင်း ထွက်လာတာပါ။

AA တပ်ဖွဲ့ဘက်ကတိုက်ပွဲတွေဖြစ်ပွားနေတာ၁ ပတ်ကျော်ကြာမြင့်နေကြောင်းနဲ့ဒီလ ၆ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်း နဟန်းနဲ့ ၀ါးနကရုံအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့သလို အခြား ၂ နေရာလောက်မှာ တိုက်ပွဲဖြစ်ပွားကြောင်း ပြောပါတယ်။

အစိုးရတပ်မတော်ဘက်ကတော့ ဒီလ ၃ ရက်နေ့က စတင်ပြီး နယ်စပ်ဒေသအနီး ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားကြောင်း၊ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့မှာ တိုက်ပွဲ အနည်းဆုံး ၄ ကြိမ်နဲ့မိုင်းဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာ AA ဘက်က အလောင်း ၄ လောင်းနဲ့ သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့သလို တပ်မတော်ဘက်ကလည်း အရာရှိ၊ စစ်သည်အချို့ ကျဆုံး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG