သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ


အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ
အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ

ရန်ကုန်မြို့ အင်းစိန် ကမ်းနားလမ်းမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အင်းစိန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အောင်ဇေယျတံတား အနီးမှာ ဒီကနေ့ ည ၇ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ခဲ့တာပါ။ ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အနီးအနား ရပ်ကွက်မှာ နေထိုင်တဲ့ အခင်းဖြစ်ပွားရာကို သွားကြည့်သူ တဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက အခုလိုပြောပါတယ်။

“၇ နာရီ မထိုးခင်လောက်တုန်းကပဲ ဗုံးပေါက်သွားလို့၊ တံတားနားလေးကလို့ ပြောတယ်။ အသံအကျယ်ကြီး ကြားတယ်။ ခွဲတဲ့လူတော့ အောက်ပိုင်းပြတ်သွားတယ်လို့ ပြောတယ်။ ဘေးက ၂ ယောက် ထိသွားတယ်။ ခွဲတဲ့သူနဲ့ဆိုရင် ၃ ယောက် ဒဏ်ရာရသွားတာပေါ့။ အသံကတော့ အကျယ်ကြီး ကြားရတယ်။ အဲဒီနားမှာ ထရန်စဖော်မာရှိတော့ ထရန်စဖော်မာ ပေါက်တယ်လို့ ထင်တာ။ ဒါပေမဲ့ မီးတွေလည်း မပြတ်ဘူးဆိုတော့ နောက်ပိုင်းကျမှ ဗုံးကွဲတာလို့ သိရတယ်။”

အခင်းဖြစ်ပြီးပြီးချင်းမှာပဲ အနီးတဝိုက်မှာ အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့် ချထားလိုက်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“အခုတော့ ဒီမှာ လုံခြုံရေးတွေ ရောက်လာပြီ။ သူတို့ ဒီဘက်ကို ညပိုင်း ဧည့်စာရင်းစစ်ဖို့ လုပ်နေကြတယ်။ ဒဏ်ရာရလို့ အခု အဲဒီလမ်းဘက်ကတောင် မသွားရဘူး၊ ပိတ်ထားတယ်။ လောလောဆယ် လုံခြုံရေးတော့ ပထမဆုံး စဖြစ်ဖြစ်ချင်းတော့ ရောက်လာပါတယ်။ လူတွေကလည်း အများကြီး ရောက်လာတယ်ဆိုတော့ လုံခြုံရေးတွေ၊ လူတွေ မခွဲတတ်ဘူး။ ခွဲလို့မရဘူး။ လူတွေအကုန်လုံးကလည်း အဲဒီမှာ စုပြုံပြီး ရောက်လာတော့ လမ်းက ပိတ်သွားရော။ လူတွေက ကြိတ်ကြိတ်တိုးပြီးတော့ကို ပိတ်သွားတာ။

“ကြောက်လည်းကြောက်၊ အံ့လည်း အံ့သြပြီး တိုက်ခန်းတွေမှာရှိတဲ့ လူတွေ အကုန်လုံးကလည်း ထွက်ကြည့်၊ အဲဒီလိုမျိုးဖြစ်တော့ ပိတ်သွားတာ။ နောက်ကျတော့ လုံခြုံရေးတွေက အန္တရာယ် ဖြစ်နိုင်တယ်ဆိုပြီး သူတို့တွေရောက်လာတော့ ဖယ်ဖယ်ဆိုပြီး လမ်းတွေ ပိတ်ပြီးတော့ ဒဏ်ရာရတဲ့သူတွေကိုတော့ လူနာတင်ကားနဲ့ ခေါ်သွားတယ်။”

အင်းစိန်မှာ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗွီအိုအေက အင်းစိန် မီးသတ်ဌာနကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာ အကြီးအကဲတချို့ အခင်းဖြစ်ပွားရာကို လိုက်သွားပြီး စုံစမ်းဆဲ ဖြစ်တယ်၊ သူတို့ဘက်က တစုံတရာ မပြောနိုင်သေးဘူးလို့ ဖြေကြားပါတယ်။

XS
SM
MD
LG